မန္တလေး  ၄  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

0106

 

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သင်းမှ အမှာစကားပြောကြားပြီး ပြပွဲကျင်းပရေးကော်မတီဝင်များမှ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းမင်းထွန်းမှ ဆိုင်ခန်းဆောက်လုပ်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များမှ လုပ်ငန်းအလိုက်ပြသမည့် ပြခန်းများအစီအစဉ်၊ ရောင်းချ ပေးမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဦးစီးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းမင်းထွန်းနှင့် ဝန်ထမ်းများ ပြပွဲကျင်းပရေး ကော်မတီဝင်များနှင့် လုပ်ငန်းရှင် ၂၃ ဦးတို့ တက်ရောက်ခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက်  အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်မှုအနုပညာ ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း ညပိုင်း၌ ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)