နေပြည်တော် ၄ ဒီဇင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ PPP, Procurement, Project Finance and General Requirement ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က Procurement, Project Financeand General Requirement နှင့်ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ နစ်နာမှုမရှိစေရန်၊ ဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အများပိုင်ကုမ္ပဏီများကို တရားမျှတသော အကျိုး ခံစားမှုရရှိစေရန်၊ လုပ်ငန်းများအဆင့်လိုက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ PPP စနစ် အောင်မြင် လာမည်ဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများသည် လက်ရှိ PPP စနစ်ကို ဆောင်ရွက်နေကြသူများဖြစ်၍ လုပ်ငန်းများကို အကျိုးရှိထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးညီညီဆွေက PPP Scheme ဘာသာရပ်၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဖုန်းဇော်က PPP ဘာသာရပ်၊ မြန်မာ့ မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင် က Feasibility Studies General Requirement ဘာသာရပ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဒေဝ က Procurement ဘာသာရပ်နှင့် မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ခင်သွယ်သွယ်ဦး က Project Finance ဘာသာရပ်တို့ကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းပြောကြားကြသည်။
ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်