နေပြည်တော် ၄ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးခင်မောင်ဝင်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံး၌ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရန်အတွက် “၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၀)ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။
ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၂၁)ချက် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးဆုံးဖြတ်ချက် (၁၉)ချက် ချမှတ်ခဲ့ကာ အစည်းအဝေး ဆုံးဖြတ်ချက် စုစုပေါင်း (၄၀)ချက်ကို သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်နှစ် အတွေ့အကြုံများအပေါ် အခြေခံပြီး အချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ လစ်ဟာမှုမရှိအောင် အကောင်းဆုံး လုပ်ဆောင်သွားရန် ပြောကြားလိုပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် “လွတ်လပ်ရေးနေ့ အခမ်းအနားများ”ကို အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြရန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပမည့် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အခမ်းအနား ” ကို အပိုင်း (၂)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ပြီး ညနေပိုင်း တွင် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ ဆပ်ကော်မတီအလိုက် တာဝန်ယူ ဆောင်ရွက်ရ သည့် လုပ်ငန်းများသည်လည်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေမည်ဟု ယုံကြည်ပါကြောင်း။
အခမ်းအနားကို နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်သည့်အတွက် အဘက်ဘက်က လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီအားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာမည့် ပုဂ္ဂိုလ်များ ဝင်/ထွက်မှု အဆင်ပြေစေရေး၊ ကြိုဆိုနေရာချထားရာတွင်လည်း စနစ်တကျ စီမံဆောင်ရွက်ရေး၊ ကျွေးမွေးဧည့်ခံမှုအပိုင်းနှင့် ဖျော်ဖြေရေး အပိုင်းတို့တွင်လည်း အဆင်ပြေပြီး စနစ်တကျ ရှိစေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ပူးပေါင်းညှိနှိုင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများ ကြိုတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ထို့ပြင် မီးရှူးမီးပန်းများ ပစ်ဖောက်ရာ၌ အန္တရာယ်ကင်းအောင် စနစ်တကျစီမံရေး၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်များကို အချိန်မီ ပြီးစီးဖြန့်ဝေနိုင်ရေး၊ ဆပ်ကော်မတီများအလိုက် အသုံးစရိတ်များကို သေချာစွာ စိစစ်တွက်ချက် တင်ပြသုံးစွဲသွားရေးနှင့် ရာသီဥတုအခြေအနေမှာ ခန့်မှန်း မရနိုင်သဖြင့် အခမ်းအနားအားလုံးအတွက် A Plan အပြင် B Plan ကိုပါ ထည့်သွင်းပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်ကျင်းပမည့် စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစား ပြိုင်ပွဲများကိုလည်း အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝစွာဖြင့် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက မိမိတို့ တာဝန်ယူထားသည့် လုပ်ငန်းကဏ္ဍ များအလိုက် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပခဲ့သော ဗဟိုကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လည်းကောင်း၊ “နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တို့က လည်းကောင်း၊ “ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ ” ဆိုင်ရာ ကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် တို့ကလည်းကောင်း၊ “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင် ကလည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ”ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က လည်းကောင်း၊ “ပြန်ကြားရေးဆပ်ကော်မတီ”ဆိုင်ရာ ကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ တို့ကလည်းကောင်း၊ “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်း ကလည်းကောင်း၊ “ကျန်းမာရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကလည်းကောင်း၊ “အားကစား ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ကလည်းကောင်း၊ “စာရင်းစစ်ဆေးရေးဆပ် ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး ကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်