နေပြည်တော်  ၄  ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူခရိုင် တရားရုံး တရားမကြီးအမှုမှတ် (၁၁/၂၀ဝ၅) အမှုတွင် သက်သေခံ (ဈ-၁)၌ တင်ပြထားသည့် ကျူးကျော်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေး ပေးကြပါမည်လား၊ တရားဝင်မြေပုံ အထောက်အထားနှင့် မြေပြင်ရှိ ပကတိအနေအထားများကို တိုက်ဆိုင် စစ်ဆေးပေးကြပါမည်လားနှင့် ကွင်းဆင်းစစ်ဆေးကြသည့်အခါ မေးခွန်းမေးမြန်းသူ မိမိအား လိုက်ပါခွင့်ပြုပါမည်လားတို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က  လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် အမှုများနှင့် ပတ်သက်၍ ယခင်အမြင့်ဆုံးတရားရုံးဖြစ်သော တရားရုံးချုပ်က စီရင်ဆုံးဖြတ်ပြီးဖြစ်ပါ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် က ကွင်းဆင်းစစ်ဆေးပိုင်ခွင့် မရှိပါကြောင်း၊ ထို့ပြင် ယခုမေးမြန်းထားသည့် အမှုကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကပင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ နဝမနှင့် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြည့်စုံစွာ ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုမေးမြန်းထားသည့် မေးခွန်း(က)သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်  မေးခွန်းနှင့် သဘောထားချင်း တူညီသည့် မေးခွန်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများကို မည်သို့ရှင်းလင်း ဆောင်ရွက်သည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် UFA (OA) စာရင်းပိတ် လက်ကျန် ငွေကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလီယံဆိုသည်မှာ စာရင်းအရ ပေါ်လွင်နေသည့် လက်ကျန်ငွေဖြစ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီနှင့် နိုင်ငံတော်စာရင်းတို့ အကြားတွင် ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင်ဖော်ပြထားသည့် စာရင်းများသာ ဖြစ်ပါကြောင်း၊ ၄င်းတို့ကို စာရင်းချေသည့် နည်းဖြင့် ပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်း။

 

လက်ရှိအခြေအနေတွင် UFA (OA) လက်ကျန်စာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် စာရင်းများ ပိတ်သိမ်းပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်းသို့ စာရင်းပြောင်းရွှေ့ ညှိနှိုင်းရန် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ၄င်းညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဖော်ပြညွှန်ကြားထားပါကြောင်းနှင့် အဆိုပါ စာရင်းရှင်းလင်း ပိတ်သိမ်းညှိနှိုင်းဆောင်ရွက်မှုများကို ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်နောက်ဆုံးထား  ဆောင်ရွက်သွားရန် ညွှန်ကြားထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေ မီးသတ်စခန်းဖွင့်လှစ်၍ မီးသတ်ယာဉ်များ ခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုပြီး မီးသတ်စခန်းများ အတွက် မြေနေရာရရှိရေး၊ မီးသတ်စခန်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရေး၊ မီးသတ်ယာဉ်များ ဖြည့်တင်းနိုင်ရေးတို့ကို ဆောင်ရွက်နေရခြင်း၊  အရေးပေါ် မီးလောင်မှုများဖြစ်ပွားပါက ရပ်စောက်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၅ စီး၊ အင်တောနယ် မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီးနှင့် ကောင်းဘို့နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ စုစု ပေါင်းမီးသတ်ယာဉ် ၉ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်နိုင်ခြင်းနှင့် လက်ရှိ ကျောက်ဂူကျေးရွာအုပ်စုသည် နယ်မြေ မီးသတ်စခန်း ဖွဲ့စည်းပုံမရှိသေးခြင်းတို့ကြောင့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ချထားပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း။

 

သို့သော်လည်း နယ်မြေလိုအပ်ချက်အရ၊ ဖွဲ့စည်းပုံအရ ထပ်မံဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ထောက်ခံချက်ဖြင့် တင်ပြ၍  မိမိတို့အနေဖြင့် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ တရားရုံးနေ့စဉ် မှတ်တမ်းများ မှန်ကန်စွာ မှတ်တမ်းတင်ရေးသွင်းမှုရှိ၊ မရှိ တရားလွှတ်တော်ချုပ်အနေဖြင့် မည်ကဲ့သို့ စိစစ်ထိန်းကျောင်းလျက်ရှိသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်က  လည်းကောင်း၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင် လွင်၏ စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွာရေးအဘက်ဘက်မှ နိမ့်ပါးဆင်းရဲ ခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးထည့်သွင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာနှင့် မြစ်ရိုး အထက်ပိုင်းဒေသတွင် ပြည်သူများလုံခြုံမှုရှိစေရေး၊ တရားဥပဒေ စိုးမိုးစေရေးတို့အတွက် အမှန်တကယ် လိုအပ်နေသော ရဲစခန်းအား ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ သီရိမြိုင် ယာဉ်ထိန်းသင်တန်း ကျောင်းဝင်းရှိ လွန်ခဲ့သော (၁၇)နှစ်ခန့်က ရောင်းချထားသော ဈေးဆိုင်ခန်း(၆၈)ခန်းအား ဖယ်ရှားရန် စီစဉ်ဆောင်ရွက်မှုအပေါ် ဆိုင်ခန်းဝယ်ယူထားသူများ နစ်နာမှုမရှိစေရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူကလည်းကောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့်အချက် ၃ ချက်နှင့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၂ ချက် တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးက ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက်  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထား သည့်အချက် ၃ ချက်နှင့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၂ ချက်တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူး အောင်ဇင်မင်းက ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တို့၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့် အချက် ၃ ချက်နှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၂ ချက်တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇင်လင်းက ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီဝင် ဒေါ်နီနီမေမြင့်က ကော်မတီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များဖြင့် တောင်သူ လယ်သမားများနှင့် အလုပ်သမားများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီသို့ ပေးအပ်ထားသော တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခေါ်) ဦးအောင်ဇော်မြင့်က ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီဝင် ဒေါ်ခင်သန်းနုက ကော်မတီအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဥပဒေများကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန် စောင့်ကြည့်ထိန်းညှိခြင်း၊  ပြည်သူဗဟိုပြု အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့အပြင် ပြည်သူတို့၏ တိုင်ကြားစာများနှင့်ပတ်သက်၍  သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ပေးပို့ပြီး ပြန်ကြားလာသည့် စာများကို တိုင်ကြားသူထံသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအနေဖြင့် ပြည်သူ့လွှတ်တော်က ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)