နေပြည်တော် ၄ ဒီဇင်ဘာ
ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် နောင်ချိုမြို့ရှိ မြို့မအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဓနုတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသား/ တိုင်းရင်းသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ဓနုအမျိုးသားအလံတော်ကို အလေးပြုကြပြီး ဓနုတိုင်းရင်းသား/တိုင်းရင်းသူများက ကြိုဆိုပါတယ်ဓနုမြေ တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့၏ သဝဏ်လွှာများကို ဓနုအမျိုးသားနေ့ ကျင်းပရေးကော်မတီဝင်များက ဖတ်ကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ဓနုအမျိုးသား ညီလာခံကြီးက နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့ဟူ၍ ဆုံးဖြတ်ခဲ့ခြင်းသည် အနှစ်သာရနှင့် ပြည့်ဝသော လက်တွေ့ကျသည့် မျှော်မှန်းချက်နှင့် ပြည့်စုံသော ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားနေ့ဟူ၍ သတ်မှတ်ကြသည့် ရည်ရွယ်ချက်များမှာ မိမိတို့၏ ဇာတိပုည ဂုဏ်မာန တို့ကို သေချာစွာ သိရှိနားလည်သည်မှာ အညီအညွတ်ရှိစေရန်၊ လူမျိုး၊ ဘာသာစကား၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ချစ်ခင်ရင်းနှီး ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် တိုင်ပင်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် အစိုးရအဖွဲ့၏ ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျင်းပရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ ပြဋ္ဌန်းချက်များနှင့်အညီ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိရေး အပါအဝင် တိုင်းရင်းသားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေဘဲ တန်းတူရရှိရေး၊ ဘာသာစကားစာပေ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ပေးရန်အတွက် ဓနုတိုင်းရင်းသားများက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြနိုင်ပါကြောင်း ပြောကြားပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေကို ပေးအပ် ရာ ကျင်းပရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် နာယက ဦးစဝ်အောင်မြတ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့က ဂုဏ်ပြု အမှာစကားပြောကြားကြပြီး ပွဲတော်ဖြစ်မြောက်ရေးနှင့် နေပြည်တော်တွင် ဆောက်လုပ်မည့် ဓနု တိုင်းရင်းသားဓမ္မာရုံအတွက် အလှူငွေများကို ပေးအပ်ကြ၍ ဂုဏ်ထူးဆောင် ကျောင်းသား ကျောင်းသူ များနှင့် ဓာတ်ပုံဆုရသူများကို ဆုများပေးအပ်ကြသည်။
ယင်းနောက် ဓနုတိုင်းရင်းသားရေးရာ(ဗဟို)အဖွဲ့ချုပ် အလှည့်ကျဥက္ကဋ္ဌ ဦးနေမျိုးကျော်က နှုတ်ခွန်းဆက် စကားပြောကြားပြီး နောင်ချိုမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညွန့်လှိုင်က ငွေကျပ် ၅ သိန်းနှင့်အထက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ဓနုအမျိုးသားနေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြော ကြားသည်။
ရှမ်းပြည်နယ်တွင် ဓနုတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၃၃ မျိုးနေထိုင်ကြပြီး ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ၊ ပွေးလှ၊ ရေဉီး၊ ရွာငံ၊ ဘော်ဆိုင်း၊ ရပ်စောက်၊ ကျောက်ထပ်၊ ကလောနှင့် အောင်ပန်းဒေသများ၌ အများဆုံး နေထိုင်ကြ၍ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်တို့နှင့် ဆက်စပ်နေသော တောင်ကြောဒေသ များ၌ အသင့်အတင့် နေထိုင်ကြသည်။
ဓနုအမျိုးသားနေ့သည် ရှမ်းပြည်နယ်အတွင်း ဓနုအမျိုးသားအများစုနေထိုင်ကြသော ၁၀ မြို့နယ်ရှိ ဓနု အမျိုးသားကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးရှိ ဓနုအမျိုးသား ကိုယ်စားလှယ်များ စုပေါင်းပြီး ပင်းတယမြို့ ၌ ၁၃၈၀ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့တွင် ဓနုအမျိုးသားညီလာခံကို ကျင်းပ၍ ဆုံးဖြတ်ချက် ၅ ရပ်ကို အညီအညွှတ် ချမှတ်နိုင်ခဲ့သော ပထမဆုံးအကြိမ် ညီလာခံကျင်းပသည့် နတ်တော်လဆန်း ၈ ရက်ကို ဓနုအမျိုးသား တစ်ရပ်လုံးညီညွတ်စေသော နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်