နေပြည်တော် ၄ ဒီဇင်ဘာ
“အရင်းအမြစ်များ၊ ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်စနစ်၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုတို့ ဆောင်ရွက်ရန်အတွက် ပူးပေါင်း ဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး စကားဝိုင်းဆွေးနွေးပွဲ (Myanmar Development Effectiveness Roundtable) ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံအစိုးရအနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပြည်တွင်း ပြည်ပ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍအပါဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးမှု အကူအညီများကို ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန်အတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများသည် နိုင်ငံ၏ စီးပွားရေး ရေရှည်တည်တံ့ဖွံ့ဖြိုးစေပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးမှုအကူအညီ များသည် စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် နည်းပညာဖလှယ်ပေးနိုင်သည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးရန်အတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ဖွံ့ဖြိုးမှုခရီးစဉ်ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဦးမင်းရဲပိုင်ဟိန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က ပါဝင်ဆွေးနွေးကြပြီး ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်သည်။ ဆွေးနွေးပွဲ တွင် ဖွံ့ဖြိုးမှုအကူအညီများနှင့် စပ်လျဉ်း၍ အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များတွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်လာနိုင်စေမည့် ဝန်းကျင်ကောင်းများ ဖန်တီးပေးရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပါဝင်မှုမြှင့်တင်ရေး”၊ “တာဝန်ယူမှုရှိသည့် အားလုံးပါဝင်နိုင်သော မြန်မာ့စီးပွားရေး”နှင့် “မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အထောက် အပံ့များ၏ အကျိုးသက်ရောက်မှုများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတကာ၏ အတွေးအမြင်များ” စသည့် ကဏ္ဍ(၄)ခုကို တစ်ပြိုင်နက်တည်း ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း ပြည်ပ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်း က နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
သတင်းစဉ်