မြောင်းမြ ၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးစာပေပွဲတော်များ၏ နဝမ အကြိမ်မြောက် ကလေးစာပေပွဲတော်(မြောင်းမြ) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ကလေးစာပေပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ယနေ့ကျင်းပသည့် ကလေးစာပေပွဲတောသည် နဝမအကြိမ်မြောက်ဖြစ်ကြောင်း၊ ပွဲတော်ပြီးသွားသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်မသွားရန် အရေးကြီးကြောင်း၊ စဉ်ဆက်မပြတ် တိုးတက်မှုရလဒ်များ ရရှိစေရန် ကလေးများနှင့် လူကြီးမိဘများကလည်း အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဤပွဲတော်မှစ၍ လေ့လာ မှတ်သားစရာများကို လေ့လာမှတ်သားကြပြီး၊ နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို ရှေ့လူထက် သာလွန် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် သားကောင်းသမီးမွန်များဖြစ်ရန် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ် ကလေးစာပေပွဲတော် ကျင်းပရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးလှမျိုးအောင်က ကလေးစာပေပွဲတော်များ ကျင်းပရခြင်းနှင့် တိုင်းဒေသကြီးအတွင်း ကလေးစာပေပွဲတော်များ ကျင်းပမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေပေးကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေ ကျပ်နှစ်သိန်း ချီးမြှင့်ပြီး၊ စေတနာရှင် အလှူရှင်များကလည်း ယိမ်းအဖွဲ့များကို ဂုဏ်ပြဆုငွေများ ချီးမြှင့်ကြသည်။
ကလေးစာပေပွဲတော်တွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ထူးချွန်ထင်ရှား မြောင်းမြသားများပြခန်း၊ စိုက်ပျိုးရေးဌာနပြခန်း၊ ပညာရေးဌာနပြခန်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပြခန်း စုစုပေါင်း (၉)ခန်း၊ စာအုပ်အရောင်းဆိုင် (၃၀)ခန့်နှင့် မျက်လှည့်၊ ရုပ်သေး၊ ဆင်အက များကိုလည်း ထည့်သွင်းပြသထားသည်။ ပြခန်းနှင့် စာအုပ်အရောင်းဆိုင်များအား နေ့စဉ် ည ၉ နာရီအချိန်ထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)