ဂျလာလာဘတ် ၅ ဒီဇင်ဘာ 

နန်ဂါဟာပြည်နယ် အရှေ့ပိုင်း ဂျလာလာဘတ် မြို့တွင် ဒီဇင်ဘာ ၄ ရက်က တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ခိုက်မှုတွင် အာဖဂန် ငါးဦးသေဆုံးပြီး ဂျပန်ဆရာဝန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အစောပိုင်းက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဂျပန်ဆရာဝန်မှာရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကဘူးလ်ဗုံးပေါက်ကွဲမှုတွင် ကုလသမဂ္ဂအတွက် တာဝန်ထမ်းဆောင်လျက်ရှိသော အမေရိကန် ကျန်းမာရေးဝန်ထမ်းတစ်ဦး သေဆုံးပြီးနောက် လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့များကို သတိဖြင့် နေထိုင်ရန် သတိပေးချက်များ ထုတ်ပြန်ထားသည့် ကာလတွင် ယခုလို ဂျလာလာဘတ်တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဂျလာ လာဘတ် တိုက်ခိုက်မှုတွင် ငြိမ်းချမ်းရေး ဆိုင်ရာ ဂျပန်ဆေးဘက်အဖွဲ့ကိုဦးဆောင်လာသည့် တက်ဆုနာကာမူရာကို သေနတ်သမားများက ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ နာကာမူရာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ လုံခြုံရေးအစောင့်သုံးဦး၊ ကားဆရာနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦး သေဆုံးခဲ့ကြောင်း နန်ဂါဟာအုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ အတူလာခိုဂျာနီက ပြောသည်။

နာကာမူရာသည် ၎င်း၏ ဆေးဘက်ဆိုင်ရာ ကူညီမှုများကြောင့် လွန်ခဲ့သည့်ဆယ်စု နှစ်များကတည်းက နာမည်ကြီးခဲ့သည်။

နာကာမူရာသည် ၁၉၈၄ ခုနှစ်တွင် ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါတွင် ဆေးဘက်ဆိုင်ရာ ကူညီမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နန်ဂါဟာကျေးရွာတွင် ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့ကြောင်း ပက်ရှ်ဝါကီဝက်ဆိုက် တွင် ဖော်ပြထားသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် ဆေးဘက်ဆိုင်ရာ အစီအစဉ်များအတွက် အမြဲတမ်းအခြေစိုက် စခန်းအဖြစ် အဆိုပါဆေးဘက်ဆိုင်ရာ အဖွဲ့ သည် ၁၉၉၈ခုနှစ်တွင် ပက်ရှ်ဝါ၌ ဆေးရုံတစ်ရုံ ဖွင့်လှစ်ခဲ့သည်။
ဂျလာလာဘတ်ဒေသခံ အော်ဇူဘီလာက ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပစ်ခတ်သံများကို ကြားရကြောင်း၊ သေနတ်သမားများက ဂျပန်တစ်ဦးကို တိုက်ခိုက်နေသလို ၎င်း၏ လုံခြုံရေးအဖွဲ့များကိုလည်း တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် သေနတ်သမားများသည် လမ်းကြားကလေးတစ်ခုသို့ ဝင်ရောက် ပျောက်ကွယ်သွားကြောင်း ပြောခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်း ယခုအချိန်အထိ မသိရသေးချေ။ ဒဏ်ရာရရှိခဲ့သည့် နာကာမူရာ ကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။ အကူအညီပေးရေး အဖွဲ့များနှင့် အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများသည် တစ်ခါတစ်ရံတွင် အာဖဂန် စစ်ပွဲ၏ ပစ်မှတ်များ ဖြစ်လာခဲ့သည်။

အေအက်ဖ်ပီ