ဘုတလင် ၅ ဒီဇင်ဘာ
ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မြို့တွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ သိရသည်။
လူထုစုပေါင်း လမ်းလျှောက်ပွဲများကို အပတ်စဉ် စနေနေ့၊ နံနက်(၅)နာရီအချိန်တွင် ဘုတလင်မြို့၊ မဟာဗန္ဓုလ ကြေးရုပ်၌ စုရပ်ပြု၍ အပတ်စဉ်အလိုက် သတ်မှတ်လမ်းကြောင်းများအတိုင်း စုပေါင်းလမ်း လျှောက်ကြမည်ဖြစ်ပြီး ပြည်သူ့အားကစားကွင်းတွင် Myanmar Fitness Dance နှင့် ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြမည် ဖြစ်သည်။
ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲမှ စတင်၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ အပြီး တွင် မီတာ(၁၀ဝ) အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲများသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူ များအားလုံး ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)