ပဲခူး ၅ ဒီဇင်ဘာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ပဲခူးမြို့စာပေချစ်သူများ အဖွဲ့တို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် ကလေးစာပေပွဲတော်အား ပဲခူးမြို ရွှေမော်ဓောဘုရားလမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇက်ဘာလ(၇)ရက်နေ့မှ (၈)ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် ကြိုတင်ဆင်ပြင်နေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အတွင်း၌ နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၉ ခုနှစ် မတ်လတွင် ပဲခူးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အဆင့်အနေဖြင့် ပဲခူး၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် လည်းကောင်း၊ မြို့နယ်အဆင့်များအနေဖြင့် ပဲခူး၊ နတ်တလင်း၊ ကျောက်တံခါးမြို့နယ်များတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုပြုလုပ်မည့် ကလေးစာပေပွဲတော်သည် ပဲခူးမြို့တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်အား ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင် ပတ်သက်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် ပညာဗဟုသုတနှင့် အရည်အသွေး ပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုကြသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ပေးခြင်းဖြစ်ပြီး တိုင်းရင်းသားရိုးရာ အစားအသောက်ပြသရောင်းချခြင်း၊ စာအုပ် ရောင်းချခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာပေဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲများ၊ ပန်းချီ ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဂိမ်းကစားပွဲများဖြစ်သည့် စက္ကူခေါက်ပြိုင်ပွဲ စကားပုံဆက်စကားခြင်း၊ အရုပ်ဆက်ကစားခြင်း၊ အိမ်ဆောက်နည်းကစားခြင်း၊ အာလူးကောက်၊ စကောရွက်၊ ဘောလုံး ကစားခြင်း(ဂိုးကျဉ်း)၊ ခွက်နင်းကစားခြင်း၊ ဖိနပ်စီး၊ ခါးကွင်းလှည့်ကစားခြင်း စသည့်ဂိမ်းကစားပွဲများ ပါဝင်မည်ဖြစ်သည့်အပြင် ကလေးစာပေပြပွဲ၊ အမှတ်တရပုံတူရေးဆွဲပေးခြင်း၊ ကလေးများအတွက် ဆေးရောင်ခြယ်ခြင်း၊ လူဝင်၍ဓာတ်ပုံရိုက်ကူးနိုင်သည့် ကာတွန်းရုပ်များ ထားရှိပေးခြင်း၊ ဂျိုကာဝတ်စုံများဝတ်ဆင်၍ ကလေးများအားကြိုဆိုခြင်း၊ ကာတွန်းရုပ်များနှင့် ဓာတ်ပုံရိုက်ကူးခြင်း စသည့်ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)