ညောင်ဦး    ၅    ဒီဇင်ဘာ     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ညောင်ဦးမြို့နယ် အုန်းနှဲချောင်းကျေးရွာမှ ဆောင်း သီးနှံ နှမ်းစိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။

 

09

 

ညောင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၂၂၀ ရှိကာ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးထား ရှိသည့် ဆောင်းသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ ရိတ်သိမ်းရတော့မည် ဖြစ်ကြောင်း သိရသည်။  ထိုသို့ ဆောင်းသီးနှံ နှမ်းစိုက်ပျိုးရာတွင် တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးအတွက် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ - ၃ ၊ ဆင်းရတနာ - ၁၄ နှင့် စမုံနက်နှမ်း စသည့် မျိုးကောင်းမျိုးသန့် နှမ်းမျိုးများကို ဆောင်းသီးနှံ စိုက်ပျိုးလိုသော တောင်သူများကို ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် စိုက်ပျိုးရေး နည်းပညာများကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်၌ နှစ်စဉ် ဆောင်းသီးနှံ နှမ်းစိုက်ပျိုးသည့်ကျေးရွာများမှာ မြို့နယ်အတွင်း မြစ်တင်ရေ (၅)ခု ရှိသည့် လက်ပံခြေပေါ်မြစ်ရေတင် ၊ ငါ့သရောက်မြစ်ရေတင် ၊ သူကောင်းတည်မြစ်ရေတင် ၊ ကျောက်ကူး မြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင်များနှင့် နီးသည့် ကျေးရွာများမှ အများဆုံး စိုက်ပျိုးကြပြီး အခြားမြစ်ရေတင်နဲ့ ဝေးကွာသည့် ကျေးရွာအချို့ရှိ တောင်သူများကလည်း စမ်းသပ်စိုက်ပျိုး ကြလေ့ရှိကြောင်းသိရသည်။ ယခုနှစ် ဆောင်းသီးနှံ နှမ်းစိုက်ဧကအနေဖြင့် ညောင်ဦးမြို့နယ်တွင် ၂၅၀၉ ဧက  ရှိပြီး ငါ့သရောက်မြို့၌ ၁၄ ဧက၊ စုစုပေါင်း ဆောင်းသီးနှံ နှမ်းစိုက် ပျိုးဧက ၂၅၂၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးသည့် ဆောင်းသီးနှံနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးနည်းစနစ်မှန်ကန်ကောင်းမွန်မှုနှင့် ရာသီဉတု မျှတမှုတို့ကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ ရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေ ထံမှ သိရသည်။    

 

ရဲဝင်းနိုင် ( ညောင်ဦး )