ဘားအံ ၅ ဒီဇင်ဘာ
ပြည်နယ်အတွင်း မိုင်းအန္တရာယ်အသိပညားပေးလုပ်ငန်းများ၊ မိုင်းကြောင့်ထိခိုက်ခံစားရသူမျာကို ထောက်ပံ့ ကူညီခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကရင် ပြည်နယ် မိုင်းအန္တရာယ်အသိ ပညာပေး လုပ်ငန်းအဖွဲ့၏ (၁၂)အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊GABBANA Hotelတွင် ပြုလုပ်သည်။
ဦးစွာ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက အမှာစကား ပြောကြား ရာတွင် ကရင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းကော်မတီအစည်းအဝေးကို ယခုကဲ့သို့ (၃)လ တစ်ကြိမ် ပြုလုပ်ခဲ့သည်မှာ (၁၂)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်း အရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ် ဉပဒချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ UNICEF မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ကော်မတီဝင်များ၊ ငြိမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်နယ်အတွင်း မိုင်းအန္တရာယ် ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး အကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးသင်တန်းများကို ကလေးငယ် ရှစ်သောင်းခန့်ကို ဖွင့်လှစ်ပို့ချ ပေးခဲ့ပြီး ကရင်ပြည်နယ်အပါအဝင် မိုင်းကြောင့် ထိခိုက်ဒါဏ်ရာ ရရှိသူ များအားလုံးကို နိုင်ငံတော် အစိုးရဘက်ဂျက် ခွင့်ပြုငွေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တစ်ဦးလျှင် (၂)သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း၊ မသန်စွမ်းသူအဆင့် သတ်မှတ် ရေး မှတ်ပုံတင်ရေးအတွက် ကနဦး စစ်တမ်းကောက် ယူခြင်းစီမံချက်ကို ဘားအံမြို့တို့တွင် စတင်ဆောင်ရွက် နေလျှက် ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)