ပုလဲ  ၅   ဒီဇင်ဘာ 

 

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့်  ဆောင်ရွက်ပြီးစီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်း(တောင်) ကျေးရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ဒီဇင်ဘာ ၄ရက်၊ ညနေ ၆နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဌေးအောင်တို့က လျှပ်စစ်မီးလင်းရေးခလုတ်ကို နှိပ်၍ လျှပ်စစ်ဓာတ်အား လွှတ်ပေးခဲ့သည်။

 

ဆက်လက်၍  လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဌေးအောင်က “အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအစီအစဉ်အရ လျှပ်စစ်မီးရရှိတဲ့ ကျေးရွာများမှာ 11KV လျှပ်စစ်မီးလိုင်းကို ကျေးရွာအရောက် သွယ်တန်းပေးကာ ထရန်စဖော်မာတပ်ဆင်ပေးပြီး ကျေးရွာအတွင်း လျှပ်စစ်မီးလိုင်းများ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ပုလဲမြို့နယ်အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအစီအစဉ်ဖြင့် Phase(1)မှာ ကျေးရွာ ၃၄ရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ ဇီးဖြူကုန်း(တောင်)ကျေးရွာ  အပါအဝင် ကျေးရွာ ၃၀ရွာ၌ လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ပါတယ်။ ကျန်ရှိနေသော ကျေးရွာ  ၄ ရွာက မကြာမီ ရက်ပိုင်းအတွင်းမှာ  လျှပ်စစ်မီးရရှိမှာ ဖြစ်ပါတယ်” ဟု  ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

အလားတူ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော သပြေကုန်းကျေးရွာနှင့် အိုးဘိုကျေးရွာ၌ ကျင်းပသည့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဌေးအောင်နှင့် တာဝန်ရှိသူများက တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)