ကျောက်တံခါး  ၅   ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၀၂/၂ နှင့် ၃ အကြား ရင်းတိုက်ကုန်း သံလမ်းဂုံးအနီး လမ်းအကွေ့၌ ယနေ့ နံနက် ၇ နာရီက ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇော်မျိုးအောင် (၂၆)နှစ် ချောင်းပတ်ရွာ တံတားဦးမြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုထက်ထက် (၂၂)နှစ်(လိပ်စာတူ)တို့လိုက်ပါလာသော ယာဉ်အမှတ်3B/-----NISSAN DIESEL အမျိုးအစား အပြာရောင် ၁၂ ဘီးယာဉ်သည် ရှေ့မှမောင်းနှင်နေသော 4M/-------အဖြူရောင် ၂၂ဘီး ဆီဘောက်ဆာ ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ လမ်းမှန်အတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မျိုးသူရဇော် (၂၇)နှစ် အေးမြသီတာရပ်ကွက် ကျောက်တန်းမြို့ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 1N/------SCANIA အမျိုးအစားလိမ္မော်ရောင် ၂၂ဘီးတွဲယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့်  နှစ်ဖက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း ၁၂ဘီးယာဉ်မှာ ယာဉ်ဦးခေါင်းပိုင်း ကြေမွပျက်စီး၍ ၂၂ဘီးတွဲယာဉ်၏ ယာဉ်ဦးခေါင်းပိုင်း ဝဲဘက်ခြမ်း ပျက်စီးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်မောင်းဇော်မျိုးအောင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)

 

mdn