နေပြည်တော် ၅ ဒီဇင်ဘာ
မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း ဓာတ်အားစနစ်မှ ဓာတ်အား ရရှိအောင် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရည်မှန်းချက်များ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသူရအောင်ဘိုက မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအရေ အတွက်ပေါင်း (၁၀,၈၇၇,၈၃၂)စု ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌ ဓာတ်အားစနစ်မှ အိမ်ထောင်စု အလိုက် ဓာတ်အားရရှိမှုမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိမ်ထောင်စု စုစုပေါင်း ၅,၄၄၈,၇၀၆ ဓာတ်အားရရှိပြီး ဖြစ်ကြောင်း။
ဆက်လက် ဆောင်ရွက်သွားရန် ရေးဆွဲထားသောစီမံချက်များအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင် အိမ်ထောင်စုပေါင်း ၅ ဒသမ ၉၈ သန်း(၅၅ ရာခိုင်နှုန်း)၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၂၆ သန်း(၇၅.၉၅ ရာခိုင်နှုန်း)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင် အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၄၅ သန်း (၉၆.ဝ၇ ရာခိုင်နှုန်း) ဓာတ်အားရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၈၈ သန်း အနက် ဓာတ်အားစနစ်ဖြင့် လက်လှမ်းမမီ နိုင်သည့် ကျန်အိမ်ထောင်စု ဝ ဒသမ ၄၃ သန်း (၃ ဒသမ ၉၃ ရာခိုင်နှုန်း)အား ဓာတ်အား စနစ် ပြင်ပ (အခြားနည်းလမ်းများ)ဖြင့် ဓာတ်အား ရရှိရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် လာမည့်ဒီဇင်ဘာ ၁၂ နှင့် ၁၃ ရက်များ၌ မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စု များ၏ ၅၀ ရာခိုင်နှုန်းဓာတ်အား စနစ်မှ ဓာတ်အားပေးနိုင်ခြင်းအထိမ်းအမှတ် အခမ်း အနားများကို နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင်လည်းကောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသီးသီးတွင် လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားပါ ကြောင်း သတင်းထုတ်ပြန ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
သတင်းစဉ်


