မန္တလေး ၅ ဒီဇင်ဘာ
ပထမအင်းဝမြို့ နန်းတည် သတိုးမင်းဖျားကြေးရုပ်တုကို ဒီဇင်ဘာလတတိယပတ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အင်းဝမြို့တည်သတိုးမင်းဖျား မင်းတရားကြီး ကြေးရုပ်တုသွန်းလောင်းခြင်းကို သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် တမ္ပဝတီ ဦးဝင်းမောင် ကြီးကြပ်ဦးစီးကာ သီတဂူပြည့်ဝကြေးသွန်းအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင်ပြီးစီးခဲ့သည်။
" ရုပ်တုကတော့ တည်ပြီးပြီ ဖွင့်လှစ်ဖို့အတွက် လုပ်ဆောင်နေတာ အခုတော့ အားလုံးပြီးစီးနေပါပြီ။ ဆေးပိုင်းလောက်ပဲ ကျန်တော့တယ်။ ဒီလတတိယအပတ်လောက်မှာ ဖွင့်ပွဲလုပ်ဖို့ရှိပါတယ်" ဟု ပြောပါတယ်။ မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
အဆိုပါ ကြေးရုပ်တု စိုက်ထူခွင့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုပေးခဲ့ပြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု လေသာရပ်အနီး စည်တိုပုံမြို့ရိုးအတွင်း မေလ ၂၄ ရက်နေ့က စတင်စိုက်ထူခဲ့သည်။
အင်းဝမြို့တည် နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေး အလေးချိန်မှာ တန်ချိန် တစ်တန်ခွဲခန့် ရှိကြောင်း သိရသည်။
ရုပ်တုထုလုပ်ရာတွင် ပုဂံမြို့ဟောင်းနှင့် စစ်ကိုင်းမြို့တို့ရှိ နံရံဆေးရေးပန်းချီများကို လေ့လာ၍ အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူခဲ့ရကြောင်း သိရသည်။
ပထမအင်းဝမြို့ကို စတင်တည်ထောင်သူသည် တကောင်းမင်းဆက်မှ သတိုးမင်းဖျားဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်းလဆန်း ၆ ရက်၊ အေဒီ ၁၃၆၄ တွင် တည်ထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
သူရိန်လင်း