ရန်ကုန် ၅ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။
စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန်ချိသူများအသင်း အလုပ်အမှုဆောင် ကိုအောင်ကျော်မိုးက လူငယ်များ စာအုပ်စာပေများကို လေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ရှေးဟောင်းစာအုပ်များနှင့် အခြားသော ဘာသာရပ်ဆိုင်ရာ စာအုပ်များကို တစ်နေရာတည်းတွင် ဝယ်ယူဖတ်ရှုနိုင်စေရန်နှင့် စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်ထုတ်ဝေသူများက ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အကျိုးရှိစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၂၁ ခန်း ဖွင့်လှစ်ပြသ ရောင်းချလျက်ရှိရာ စာပေချစ်မြတ်နိုးသူ ပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ သုတ ရသအဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို၊ ဝတ္ထုရှည် စာအုပ်များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတ၊ ရသစာအုပ်များ၊ ရှားပါး ရှေးဟောင်းစာအုပ်များ၊ မြန်မာတိုင်းရင်းသားကျောက်စာများ စာအုပ်၊ ပါရဂူဘွဲ့ကျမ်းများ၊ ဆေးပညာရပ်ဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်/မြန်မာအဘိဓာန်စာအုပ်များ၊ ပုံပြင် စာအုပ်မျိုးစုံ၊ ကာတွန်းကလေးစာပေစာအုပ်များ၊ သိပ္ပံစာအုပ်များ၊ ပဟေဠိစာအုပ်များ၊ ကဗျာ စာအုပ်များကို အဓိပတိလမ်းမပေါ် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့ သစ်ပုပ်ပင် ဝဲ/ယာ နှစ်ဖက်တွင် ခင်းကျင်း ရောင်းချလျက်ရှိသည်။
စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် စာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရာခိုင်နှုန်း လျော့ရောင်းချပေးသောကြောင့် စာပေချစ်မြတ်နိုးသူများ ဝယ်ယူအားပေးလျက်ရှိပြီး ယနေ့မှ ဒီဇင်ဘာ ၈ ရက်အထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်