နေပြည်တော် ၅ ဒီဇင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယားဗဟိုဌာန(ASEAN - Korea Centre) တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပသော (ASEAN-Korea Tourism Capacity Building Workshop) အကြိုညစာစားပွဲအခမ်းအနားကို (၄.၁၂.၂၀၁၉) ရက်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ဒုတိယဝန်ကြီး ဦးတင်လတ်၊ASEAN - Korea Centre မှအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Lee Hyuk၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီးနှင့် ASEAN - Korea Centre မှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယားဗဟို ဌာန (ASEAN - Korea Centre) တို့ပူးပေါင်း၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (ASEAN-Korea Tourism Capacity Building Workshop) ကို နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပခြင်းမှာ အချိန်နှင့်တစ်ပြေးညီပြောင်းလဲလာသော ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်း နှင့် လက်ရှိခရီးသွားလုပ်ငန်းဆိုင်ရာနည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့နှင့်စပ်လျဉ်း၍ မျှဝေသွားရန်၊ ဒစ်ဂျစ်တယ်ခရီးသွား လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍ၏ ယှဉ်ပြိုင်မှုစွမ်းရည် ပိုမိုအားကောင်းလာစေရန်၊ မြန်မာနိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့မှ ခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များအကြား အသိပညာဗဟုသုတများ မျှဝေနိုင်မည့် ကွန်ယက်တစ်ခု ပံ့ပိုးဖော်ဆောင်ပေးနိုင်ရန်၊ အလားအလာရှိသော ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်းဆိုင်ရာ အသိအမြင် အသစ်များ ရယူ၍ ကိုရီးယားနိုင်ငံသားခရီးသွားဧည့်သည်များ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ပိုမိုနားလည်လာနိုင်စေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချူပ် H.E. Mr. Lee Hyuk နှင့်တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဈေးကွက်မြှင့်တင်ခြင်းကို စိတ်ဝင်စားသူများအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၆၀)ဦးခန့် ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ဆွေးနွေးပွဲ၌“Transforming Tourism through Digital Marketing” ခေါင်းစဉ်ဖြင့် ဆွေးနွေး သွားမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာများကို Digital နည်းပညာအသုံးပြု၍ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှစ၍ ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ရည်မှန်းထားသော ခရီးသွားလုပ်ငန်းဈေးကွက် များသို့ ထိထိရောက်ရောက် မြင့်တင်ကြော်ငြာနိုင်ရေး၊ မိမိတို့နိုင်ငံ၏ပုံရိပ်အား ပိုမိုမြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံခရီးသွားဆွဲဆောင်မှုများကို ကိုရီးယားလူမျိုးများ ပိုမိုသိရှိအောင် Digital Marketing နည်းလမ်းဖြင့်ဖြန့်ဝေပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် Digital နည်းပညာအသုံး ပြုခြင်းဖြင့် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် ကိုရီးယားပြည်သူ များအား မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ထိရောက်စွာအသိပေးနိုင်ရန် လိုအပ်သည့် နည်းပညာဗဟုသုတများ မျှဝေဆွေးနွေးကြမှာဖြစ်တဲ့အတွက် အာဆီယံ-ကိုရီးယားဗဟိုဌာနကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အထွေထွေတွင်းရေးမှူးချုပ် H.E. Mr. Lee Hyuk က အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကိုကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ အာဆီယံ− ကိုရီးယား ဗဟို ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များက “ခရီးသွားလုပ်ငန်း တွင် ပြောင်းလဲလာသော ဒစ်ဂျစ်တယ်၏အခန်းကဏ္ဍ”၊"မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြောင်းလဲလာသော ဒစ်ဂျစ်တယ်၏အခန်းကဏ္ဍ”၊ “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဆောင် ရွက်လျက်ရှိသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကိုရီးယားခရီးသွားဧည့်သည်များအား ပိုမို ဆွဲဆောင် နိုင်မည့် ဈေးကွက်မြှင့်တင်ရေးဗျူဟာများ”၊“ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပြောင်းလဲ လာသောပြည်သူ့ဆက်ဆံရေး မဟာဗျူဟာ”နှင့်“လူမှုကွန်ယက်ဆိုင်ရာ သင်တန်းများပေးခြင်း” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကာ စုပေါင်းဆွေးနွေးခြင်းနှင့် အမေးအဖြေကဏ္ဍ ကို ဆက်လက်ကျင်းပပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)