နေပြည်တော် ၅ ဒီဇင်ဘာ
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်၊ စပါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုဖြစ်ပေါ်နေသော ပြည်ပဝယ်လိုအား ကျဆင်းခြင်းကြောင့် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းထုတ်ပြန်ပေးရန် လိုအပ်ချက်ကြောင့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်တွက်ချက်သုံးသပ်စေ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။
အဆိုပါ ထုတ်ပြန်ကြေညာချက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် သကြား ကဏ္ဍ၊ ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ဦးဆောင်အဖွဲ့ဝင်များမှ ယခုကျင်းပသည့် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် ဦးဆောင်အဖွဲ့၏ စုံညီအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း။
ဦးဆောင်အဖွဲ့အနေဖြင့် ဥပဒေပုဒ်မ (၂၃) အရဝယ်ယူမည့် လယ်ယာထုတ်ကုန် အမျိုးအစားနှင့် အစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ စပါးတင်း (၁၀ဝ)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ်ငွေ (၅) သိန်းအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁၅)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်သည် ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်ကို ကျဆင်းနေပါက အခြေခံရည်ညွှန်းစပါးဈေးအတိုင်း ဝယ်ယူပေးခြင်းအားဖြင့် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားကိုမြှင့်တင်နိုင်ရန် ဖြစ်ပါကြောင်း။
စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ် (၁၅)ဘီလီယံကို သုံးစွဲခွင့်ပြုထားပေးပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စပါး/ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်း အဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်း စပါးဝယ်ယူရန်လိုအပ်ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ကြီးကြပ်ဆောင်ရွက်ပေး ရန်တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် ဈေးနှုန်းကျဆင်းခြင်းကို ထိန်းကြောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့တင်ပို့ရောင်းချ ခွင့်ကိုလည်း ၂၀၁၉ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တင်ပို့ခွင့်လိုင်စင်ခွင့်ပြုပေးမည် ဖြစ်ပြီး တန်ချိန်(၂)သိန်းမှ စတင်ခွင့်ပြုမည်ဖြစ်ပါကြောင်း။
၂၀၂၀ ခုနှစ် ဇန်နဝါရီ (၃၁)ရက်နေ့အပြီး တင်ပို့ရန်နှင့်လိုအပ်ပါက တန်ချိန်(၅) သိန်းအထိ တင်ပို့ခွင့်ပြုမည် ဖြစ်ပါကြောင်း၊ လယ်ယာထုတ်ကုန်များ သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန်ဆောင်ရွက်ရာတွင် ဆန်စပါးအပြင်လက်ရှိဖြစ်ပေါ်နေသည့် သကြားဈေး ကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ ဈေးနှုန်းကျဆင်းခြင်း တို့ကြောင့် ကြံစိုက်ပျိုးသူနှင့်သကြား စက်ရုံပိုင်ရှင်တို့ နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ညီညွတ်မျှတအောင် စီမံဆောင်ရွက်ပေး နိုင်ရေးလည်းလိုအပ်လျက်ရှိပါကြောင်း၊ သို့မှသာ ကြံစိုက်ပျိုးထုတ်လုပ်မှု မကျဆင်းဘဲ ကြံစိုက်တောင်သူများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဆောင် ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ပြည်တွင်းသကြားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်တိုးမြင့်လာ စေရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် Sugar Forum မှတင်ပြချက်အရ Re – export သကြားလက်ကျန်များအား ပြည်တွင်းသို့ ပြန်လည်ရောင်းချမှု မရှိစေရေး၊ တရားမဝင်သကြားများ ပြည်တွင်းဝင်ရောက်မှုမရှိစေရေး၊ ပြည်ပမှ တင်သွင်းသည့် Import Sugar တင်သွင်းရာတွင်လည်း အမှန်တကယ်လိုအပ်ချက်ကို သာတင်သွင်းနိုင်ရေးသက်ဆိုင်ရာဌာနဆိုင်ရာများက စီမံကြီးကြပ်ဆောင်ရွက် သွားနိုင်ရေး အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။
လက်ရှိအခြေအနေအရသကြားဈေးကျဆင်းနေခြင်း၊ သကြားလက်ကျန်များကျန်ရှိ နေခြင်းတို့ကြောင့် ယခုကြံကြိတ်ဝါးရာသီတွင် ယခင်နှစ်ကြံဈေးနှုန်းထက် (၁)တန်လျှင် (၂၀ဝ၀)ကျပ်မှ (၅၀ဝ၀)ကျပ်အထိ လျှော့ချဝယ်ယူနေသည့်အတွက် နေပြည်တော်ကောင်စီ နယ်မြေနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သကြားစက်ရုံပိုင်ရှင်နှင့်တောင်သူများအကြား ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။
မွေးမြူရေးကဏ္ဍတွင် ရေထွက်ပစ္စည်းနှင့်ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍသည် လက်ရှိအခြေ အနေတွင် အလားအလာကောင်းများရှိနေပါကြောင်း၊ ရေထွက်ပစ္စည်းများတင်ပို့မှုတွင် တိုးတက်မှုရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာ့ရေထွက်ပစ္စည်းများကို လက်ရှိတွင်နိုင်ငံပေါင်း (၄၀)ကျော်ကိုတင်ပို့လျက် ရှိပါကြောင်း၊ ၂၀၁၉ခုနှစ်မှစ၍ EU ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် ခဲ့ရာ လက်ရှိကာလအထိ ငါး၊ ပုစွန်ပြုပြင်စက်ရုံ (၂၅)ရုံမှထုတ်လုပ်သော ရေထွက်ပစ္စည်း များကို တင်ပို့လျက်ရှိပါကြောင်း။
အမျိုးသားအဆင့် ဓါတ်ကြွင်းထိန်းချုပ်မှုအစီအမံ (National Residue Monitoring Plan (NRMP) ကို ၂၀၁၄-၂၀၁၅ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး (NRMP)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စက်ရုံ(၁၇)ရုံမှမွေးမြူရေး ရေထွက်ကုန်များကိုလည်း တင်ပို့ခွင့် ရရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားသောစည်းမျဉ်းများနှင့် စံချိန် စံညွှန်းကိုက်ညီစေရေးအတွက်လည်း ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများကို လည်းတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ပို့ကုန်များကိုတန်ဖိုးမြှင့်တိုး တက် ထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း(၃၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းနိုင်စေရန်နှင့် ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေတွင် ဥပဒေ၏ အားနည်းချက်များကိုသုံးသပ်၍ ခေတ်ကာလ နှင့် လျော်ညီစွာ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင် ရွက်ခဲ့ရာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲမှုရှိသည့် ဥပဒေပုဒ်မပေါင်း(၉) ခုအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးအတည်ပြုပြီးပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ အား မကြာမီကာလတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းနိုင်တော့ မည်ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များအရ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်းအစရှိသည့် သဘာဝ ဘေးအန္တရာယ်များကြုံတွေ့ရလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို နှစ်စဉ်စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ရန်ပုံငွေမှလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ရန်ပုံငွေမှလည်းကောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ၏ ရည်ရွယ်ချက် တစ်ရပ်ဖြစ်သည့် “သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြုပံ့ပိုးရန်” ဟုပြဌာန်းပါရှိသည့်အားလျော်စွာ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူလယ်သမားများအား နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်ခဲ့ ရာပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သီးနှံပျက်စီးဧက (၃၇၉၉၆၄ဒသမ၁၄) ဧက အတွက် အရေးပေါ်ရန်ပုံငွေမှထောက်ပံ့ငွေကျပ် (၇၃၂၂ဒသမ၆၈၅၇)သန်းကို တောင်သူ များထံ ပေးအပ်ခဲ့ပြီး သီးနှံပျက်စီးဧက(၃၀၂၃၁၅)ဧကအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်(၃၀၂၀ ဒသမ ၁၅၀)သန်းကို တောင်သူများထံသို့ ပေးအပ်နေဆဲဖြစ်ပါ ကြောင်း။
၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကူညီပေးရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအနေ ဖြင့်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်တစ်ခုတည်းကသာမကဘဲ ဦးဆောင်အဖွဲ့မှအမိန့်ထုတ်ပြန် ဖွဲ့စည်းပေးပြီးဖြစ်သည့် “လုပ်ငန်းကော်မတီများ” ၊ “လုပ်ငန်းအဖွဲ့များ”အနေဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များပါ ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက် လျက်ရှိသည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး အတွက်ရေတိုရေရှည် ဆောင်ရွက်ရန် အကြံပြုချက်များ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် စပါးဝယ် ယူရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရေး၊ ဈေးကောင်းရရှိရေး၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ တားဆီးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်များ ရေးဆွဲဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ဒေသအလိုက် ဆောင်ရွက်ပေးရန်လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေး တင်ပြချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များနှင့် ဆုံးဖြတ်ရန် အချက်များအား ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ စုံညီ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)