ဝေဖန်သူတွေ လက်လွတ်စပယ်ပြောကြားသော ပညာရှင်တွေ၊ ပညာတတ်တွေဆိုတာ စီးပွားရေးပြဿနာတွေ အခက်အခဲဆိုတာတွေကို နားလည်ကြတာမဟုတ်ဘူး၊ လုပ်ငန်းအကောင်အထည်ဖော်ရ ခက်အောင် ရှုပ်နေကြတာ။ မြန်မာတွေဆိုတာ ဘာစာနာစိတ်၊ ဘာကိုယ်ချင်းစာစိတ်မှ ရှိကြတာမဟုတ်ဘူး၊ သာသလိုနေချင်ကြသူတွေ၊ ရရင်ရသလို ခုတ်မယ် ထစ်မယ် လှီးမယ်ဆိုတဲ့သူတွေချည်းပဲစသည့် စကားများကို မကြာခဏဆိုသလို လူမှုအဖွဲ့အစည်းထဲတွင် ကြားရလေ့ရှိသည်။

 

ကိုယ်တွေ့ကြုံရသည့် ဆရာဝန်တစ်ဦး၏ ဆက်ဆံပြောဆိုမှုကို မူတည်ကာ ဆရာဝန်များဆိုသည်မှာ သည်လိုစကားပြောတတ်သည်၊ မည်သို့ဆိုတတ်သည် မည်သို့နှံစပ် သိမြင်တတ်သည် စသည်ဖြင့် ဆရာဝန်အားလုံးကို ယေဘုယျပြု ကောက်ချက်ချတတ်ကြ၏။

 

အများအားဖြင့်တော့ ထိုထိုသောစကားအများစုသည် မိမိနှင့် နီးစပ်ရာ တွေ့မြင်သိကျွမ်းရာတို့မှ အတွေ့ အကြုံကို အခြေပြု၍ ယေဘုယျ ပြုလုပ်ကြသည်ကများ၏။ ထိုသို့သော လွယ်ကူရာ ကောက်ချက်ချသည့် အလေ့အထအစား အချက်အလက်ပေါ် အခြေခံဆန်းစစ်သည့်အနေဖြင့် ဆရာဝန်များအားလုံးထဲက မည်ရွေ့မည်မျှကို သုတေသနထုံးနှင့်အညီ စနစ်တကျစာရင်းပြုစုရွေးချယ်ကာ ဆန်းစစ်လေ့လာ၍ သိအောင် ပြုလုပ်ပြီး အဖြေထုတ်ခြင်းမျိုးဖြစ်လျှင် ပိုမိုသင့်လျော်မည်ဟု ယူဆပါသည်။ နိုင်ငံရေးသမားများကို ဝေဖန်ပြောဆိုလိုက်သည့်အခါ သခင်အောင်ဆန်းတို့လို ကိုယ်ကျိုးမကြည့်သည့် နိုင်ငံရေးသမားများ ကိုဖယ်ကာ ကောက်ချက်ချဖို့ မဖြစ်နိုင်သကဲ့သို့ သန်းခြောက်ဆယ်သော မြန်မာနိုင်ငံသားတို့ကို အခြေခံ၍ သုတေသနပြုထားခြင်းမျိုးမဟုတ်ဘဲ မြင်ဖူးတွေ့ဖူးသူ အချို့၏ အမူအကျင့်ကို ကောက်ယူကာ မြန်မာဟူသည် ဤသို့ဟူ၍ ယေဘုယျပြုခြင်းမျိုးက ခေတ်မမီတော့ဟု ဆိုရပါမည်။

 

သုတေသနပြုမှု အားကောင်းလှသော နိုင်ငံတကာရှိ သုတေသန ဗဟိုဌာနကြီးများ၏ ဆန်းစစ်ချက်၊ ကောက်နုတ်ချက်၊ အဖြေထုတ်ချက် တို့ကို လူအများက လေးစားကြခြင်းကို သတိထားကြည့်လျှင် သိနိုင် ပါသည်။ ထိုသို့ စနစ်တကျလေ့လာချက်များဖြင့် အဖြေထုတ်ထားမှုများ ဟူသည်ပင် ကာလတစ်ခုကြာလာ သည့်အခါ ပြန်လည်စစ်ဆေးရန် လိုအပ်လာသည့် သာဓကများက အများအပြားရှိနေလေသည်။ သုတေသနဟူသည်က ရှင်သန်နေသည့်အရာဖြစ်သည်။

 

ထိုသို့သောအကြောင်းများကြောင့်ပင် တက္ကသိုလ်ကြီးများမှ သုတေသနဌာနများကို နိုင်ငံတကာက ငွေကြေးတတ်နိုင်သူ ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများ၊ အစိုးရများတို့က နည်းမျိုးစုံဖြင့် ကူညီထောက်ပံ့ ပေးနေခြင်း ဖြစ်ပေသည်။ တက္ကသိုလ်ဆရာ ဆရာမများ၊ ပါမောက္ခများ ဟူသည် သုတေသနပြုစုခြင်း၊ တွေ့ရှိချက်များ၊ ကောက်ချက်များ၊ ဆန်းစစ်ချက်များကို စာတမ်းများတင်ပြခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင် ကြရသည်။ ယင်းသို့လုပ်ဆောင်ခြင်းကလည်း ကျောင်းသား ကျောင်းသူ တို့ကို စာသင်ကြားခြင်းနှင့် ထပ်တူထပ်မျှ အရေးပါနေသည်ပင်။

 

ယနေ့ခေတ်က နည်းပညာအပြောင်းအလဲ၊ သဘာဝပတ်ဝန်းကျင် အနေအထားအပြောင်းအလဲ၊ လူဦးရေ ပေါက်ကွဲတိုးတက်မှု အကြောင်း အလဲ၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံရာက ပေါ်ပေါက်လာသော လူမှု ဆက်ဆံရေး အပြောင်းအလဲ၊ လူတို့၏နေထိုင်စားသောက်သွားလာမှုပုံစံ အပြောင်းအလဲ စသည်တို့ကြောင့် ပြောင်းလဲပေါ်ပေါက်လာသည့် အသစ် အသစ်သော တွေ့ရှိရမှုများပေါ်တည်ကာ လူမှုအဖွဲ့အစည်းက လိုက်လံ ပြောင်းလဲနေရသည်တို့ ရှိနေသည်ပဲဖြစ်၏။

 

အသစ်အသစ်သော ရောဂါတို့ကို ရင်ဆိုင်ရန်အလို့ငှာ၊ ရာသီဥတု ဖောက်ပြန်လာမှုများကို ကျော်လွှားနိုင်ရန် အလို့ငှာ၊ သဘာဝဘေးဒဏ်တို့၏ အန္တရာယ်အမျိုးမျိုးတို့ကို ကာကွယ်နိုင်ရန်အလို့ငှာ၊ ယဉ်ကျေးမှု ကူးလူးဆက်ဆံခြင်းတို့က ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးတို့ကို သိမြင်ရန်အလို့ငှာ၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အထွေထွေသော လူမှုဝန်းကျင်တစ်ခုလုံး၏ ပြောင်းလဲလာမှုများကို မျက်နှာချင်းဆိုင်ကြနိုင်ရန်အလို့ငှာ သုတေသနလုပ်ငန်းများက တစ်နေ့တခြား အရေးကြီးသည်ထက် ကြီးလာနေပြီ။

 

ဝါးလုံးခေါင်းထဲ လသာနေရုံမျှဖြင့်မရ၊ မိမိရောက်ရှိနေသည့် ဥခွံ ထဲက မြင်နေရရုံမျှဖြင့် အနာဂတ်ခရီးကို ချောချောမွေ့မွေ့ လျှောက်လှမ်း နိုင်ဖို့ မလွယ်တော့ပြီ။

 

ကိုယ်သိသမျှ၊ မြင်သမျှကို ကျော်လွှားကာ နိုင်ငံတကာအမြင်ဖြင့် လက်တွေ့လောကကြီးကို ရှုမြင်သုံးသပ်ကြရတော့မည်ဟု တင်ပြလိုက် ရပါကြောင်း။ ။

 

nma