မန္တလေး ၆ ဒီဇင်ဘာ
(၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့ထိ ၅ ရက်တွင် မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်အတွင်း ရက်ပြောင်းလဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ ဒီနှစ်ရဲ့ အဓိက ပြောင်းလဲချက်က ကျင်းပတဲ့ရက်လေး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဖေဖော် ဝါရီလ ၁၀ရက်နေ့မှာ ဖွင့်ပွဲလုပ်ခဲ့ပေမယ့် ဒီနှစ် ဇန်နဝါရီလ ၁၆ရက်ကနေ ၂၀ရက်နေ့ထိ ၅ရက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲက ၁၆ရက်နေ့မှာဆိုပေမယ့် ပြိုင်ပွဲဝင် ပစ္စည်းများကို ဇန်နဝါရီလ ၁၄ရက် နံနက် ၉ နာရီကစပြီး ည ၉ နာရီထိ လက်ခံသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ကျ ဒိုင်အဖွဲ့က အကဲဖြတ် အမှတ်ပေး စာရင်းချုပ်ပြီး အဲနေ့မှာဘဲ ဆုရရှိတဲ့ စာရင်းတွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန ဌာနခွဲမှူး ဒေါ်မိုးမိုးသန်းက ပြောသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြိုင်ပွဲ ၁၁မျိုးနှင့် ပန်းမန် ပြိုင်ပွဲ ၁၁မျိုး ပြိုင်ပွဲစုစုပေါင်း ၂၃မျိုးပါရှိပြီး ပြိုင်ပွဲ တစ်ခုချင်းစီအတွက် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု (၃) ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ပြိုင်ပွဲဝင်စည်းကမ်းတွေကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိကျသေချာအောင် အငြင်းပွားမှုတွေ မဖြစ်အောင် ထပ်မံပြီး လိုအပ်တာတွေ ဖြည့်ဆည်းပြီး ဒီနှစ် အသစ်ပြန်လည်ရေးဆွဲပါ့မယ်။ ရေးဆွဲပြီးရင် ပြိုင်ပွဲမတိုင်မီ သတ်မှတ်ထားတဲ့ စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ကျွန်မတို့ သတင်းစာတွေမှ ကြေညာသွားမှာ ဖြစ်ပါတယ်။ ပြပွဲဝင်ကြေးကတော့ အခမဲ့ပါ။ ဒီနှစ်မှာ ယခင်နှစ်တွေ ကထက် ပိုမိုထူးခြားတဲ့ အစီစဉ်တွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ” ဟု ပန်းဥယျာဉ်နှင့် ကစားကွင်း ဌာန ဌာနခွဲမှူးက ဆက်လက်ပြောသည်။
အဆိုပါ ပြပွဲတွင် စိုက်ပျိုးရေးနှင့် ပတ်သက်သော နည်းပညာများ ဖြန့်ဝေပေးသည့် ဌာနဆိုင်ရာ ပြခန်း ၁၂ခန်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ပစ္စည်းအရောင်းဆိုင်ဖြစ်သည့် ပုဂ္ဂလိက ပြခန်း၆ခန်း၊ တီးဝိုင်း ၅ ဖွဲ့၏ သီဆိုဖျော်ဖြေမှုများ၊ ပျိုးပင်များ အခမဲ့ဝေငှခြင်းနှင့် အခြားစိတ်ဝင်စားဖွယ် အစီစဉ်များလည်း ထည့်သွင်းထားကြောင်း သိရပါသည်။
တင်ဇာလှိုင် (ပြန်/ဆက်)