၆ ဒီဇင်ဘာ

 

ဟောင်ကောင်၊ Goldman Fortune International ကုမ္ပဏီမှ Mindama Complex စီမံကိန်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

အဆိုပါ Mindama Complex စီမံကိန်းလုပ်ငန်းများတွင် Commercial Shop၊ Service Apartment၊ Shopping Mall၊ Villa၊ Office Building၊ Condominium နှင့် Hotel များပါဝင်ပြီး ယင်းစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံး အမည်ပေါက်သည့် မြေဧက ၂၀ ကျော်တွင် BOT စနစ်ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

ယင်းစီမံကိန်းကို  Goldman Fortune International ကုမ္ပဏီအနေဖြင့် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော Fortune International ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများပါဝင်သော ပမာဏကြီးမားသည့် ယင်းစီမံကိန်းကို လုပ်ကိုင်ခွင့်ပေးခြင်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ လျှောက်ထားလာခြင်းအပေါ် လိုအပ်သော အချက်အလက်များကို စိစစ်ပြီးမှသာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း  ဦးသန့်စင်လွင်က ထပ်မံပြောကြားသည်။

 

"ဒီ အိမ်ခြံမြေတွေကို ခွင့်ပြုတော့မယ်ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာ လိုအပ်သော အချက်အလက်များ ပြည့်စုံအောင် စိစစ်ပြီးမှ ခွင့်ပြုပေးတာပါ၊ ရုပ်စွအဆုံး ကျွန်တော်တို့ မြေအနေအထားအရ ကျဉ်းပြီးတော့ လမ်းအဝင်အထွက် ကျဉ်းကြပ်တာကအစ တွက်ချက်ပြီးတော့မှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်ယူပြီးတော့မှ ပေးတာပါ၊ ဥပမာအားဖြင့် ဒီဆောက်မယ့် အဆောက်အအုံဟာ အဖွဲ့အစည်းတစ်ခုခုမှာ ဥပဒေအရ မဟုတ်ဘဲနဲ့ အခြားအဖွဲ့အစည်း တစ်ခုခုက ကန့်ကွက်မယ်ဆိုရင်တောင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်မပေးဘူး၊ ဆိုလိုတာကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာပဲဖြစ်ဖြစ်၊ နောက်တစ်ခါ ရှေးဟောင်းအမွေအနှစ် ပျက်စီးတာဘဲဖြစ်ဖြစ် ဒါမျိုး အကြောင်းအရာတစ်ခုခုထောက်ရင် ဥပဒေမှာ မပါသော်ငြားလည်း အများပြည်သူအကျိုးငှာ ခွင့်ပြုမပေးတဲ့ သာဓကတွေ ရှိပါတယ်"ဟု  ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ ဟောင်ကောင်အနေဖြင့် မြန်မာနိုင်ငံတွင် ပမာဏကြီးမားသည့် အိမ်ရာတည်ဆောက်ရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများတွင် အများဆုံး လာရောက်ရင်းနှီးမြုပ်နှံမှုကြောင့် ယခုဘဏ္ဍာရေးနှစ် နှစ်လတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ တစ်ဘီလီယံကျော်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၏ စာရင်းများအရ သိရသည်။

 

လက်ရှိဘဏ္ဍာနှစ်တွင် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၃၉၂ ဒဿမ ၆၂၉ သန်း ရရှိထားပြီဖြစ်သည်။

 

Nyein Nyein