ပြည် ၆ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၂၀ဝ၀ကျော်အသုံးပြု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး က ယခုနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်မည့် ကုမ္ပဏီ များအနေဖြင့် လုပ်ငန်းအရည်အသွေးပြည့်မီ ရေးသတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ လုပ်ငန်းဆောင်ရွက် နေစဉ်ကာလအတွင်း ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ခရိုင်အတွင်းရှိ ပြည်၊ သဲကုန်း၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပန်းတောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှင်းလင်း တင်ပြကြသည်။
ပြည်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ သောက်သုံးရေ ရရှိရေးလုပ်ငန်း (၉၆) ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၁၆.၇၈၇) ၊ ကျေးလက်ကုန်ထုတ်လမ်း (၁၀)လမ်း အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၃၀.၅၂)၊ ကျေးလက်ဒေသလျှပ်စစ်မီး ရရှိရေးလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၉၄.၃၇၃)၊ ရုံးအဆောက်အအုံတစ်ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀.၉၁)၊ စုစုပေါင်း ငွေကျပ် သန်း (၂၀၁၂.၅၉) အားသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက ပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)