မိုးညှင်း ၆ ဒီဇင်ဘာ

 

မိုးညှင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Alliance Myanmar အဖွဲ့အစည်းတို့ပူးပေါင်း၍ ကမ္ဘာ့မသန်စွမ်းသူများ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီးက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၁၀ဝ၀ ခန့်သည် မသန်စွမ်းသူများအဖြစ်တွေ့ရကြောင်း၊ မသန်စွမ်းမှု အများဆုံး မြင်တွေ့ရသောနိုင်ငံများမှာ ဖွံဖြိုးဆဲနိုင်ငံများတွင်ဖြစ်ကြောင်း၊ မသန်စွမ်းဖြစ်ပွားရသော အဓိက အကြောင်းအရင်းများစသည်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းမှ တက်ရောက်လာသည့် မသန်စွမ်းသူများက မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

mdn

 

မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ဖွဲ့စည်းထားသည့် (မနောမြေ)မသန်စွမ်းအဖွဲ့သည် အဖွဲ့ဝင်ဦးရေ ၁၈၉ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ယခုလ(၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့ပတ်ဝှီးချဲလ်စီး စွမ်းရည်ပြသခြင်းနှင့် အထိမ်းအမှတ်နေ့ ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း အခမ်းအနားတက်ရောက်လာသည့် မနောမြေအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ထံမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)