နေပြည်တော်  ၆   ဒီဇင်ဘာ  

 

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်ကို ၂၀၁၅ ခုနှစ်မှစတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံ သားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး ခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၌လည်း လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား (၆၃၈)ဦး အမြဲနေထိုင်ခွင့် လျှောက်ထားရာ (၅၉၁) ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အမှတ်ပေး စည်းမျဉ်းများအရ စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြု ဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်းနှင့် ဗဟိုကော်မတီမှ စိစစ်သုံး သပ်အတည်ပြုဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းအမှာစကားပြော ကြားသည်။

 

ယင်းနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လုပ်ငန်းတာဝန်ခံအရာရှိက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် လုပ်ငန်းဆောင်ရွက်မှု၊ အမှတ်ပေးစနစ်နှင့် လက်ရှိလျှောက်ထားမှု၊ ဗဟိုကော်မတီမှ စိစစ်အတည် ပြုပြီးပါက လူတွေ့အစစ်ဆေးခံနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းကော်မတီမှ အတည်ပြုတင်ပြသည့်လျှောက်ထားသူ တစ်ဦးချင်းအား သုံးသပ်ချက်များဖြင့်  ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

ယခုအစည်းအဝေးတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ထပ်မံလျှောက်ထားသူများအနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသည့် ရင်းနှီးမြှပ်နှံသူနိုင်ငံခြားသား(၁)ဦး၊ မြန်မာနိုင်ငံသား ဟောင်း(၁၁)ဦး၊ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား(၅)ဦး၊ ယင်းတို့နှင့်တွဲ၍ လျှောက်ထားသည့် မိသားစုဝင် (၅) ဦး စုစုပေါင်း(၂၂)ဦးအား ဗဟိုကော်မတီမှ စိစစ်အတည်ပြုဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ နိုင်ငံခြားသား (၂၂) ဦးအား လူတွေ့အကဲဖြတ်စစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)