နေပြည်တော်  ၆    ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းအစီအစဉ်ဖြင့် ပြုလုပ်သော ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့အကြား ပူးပေါင်းဆောင်ရွက်သည့် MRTV ၏ ရုပ်/သံ ထုတ်လွှင့်မှုဆိုင်ရာ လမ်းညွှန်ချက်များ၊ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကျင့်ဝတ်များ၊ သတင်းထောက် လက်စွဲတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးအကြံပြုကြမည်ဖြစ်ကြောင်း၊ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား ရုပ်သံလွှင့်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုပ်သံလွှင့်လုပ်ငန်းကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး စတင်ခဲ့သည့်အချိန်မှာပင် ဂျပန်နိုင်ငံ Japanese Sasakawa Foundation ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ထုတ်လွှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ရုပ်သံလွှင့် စတူဒီယို တည်ဆောက်ခြင်းနှင့် စက်ပစ္စည်း ကိရိယာများ ကူညီထောက်ပံ့ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ရုပ်မြင်သံကြားစနစ် စတင်ထုတ်လွှင့်ခဲ့ရာတွင် ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီ မှုများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ ယနေ့ ဆွေးနွေးကြမည့် အစီအစဉ်များသည်လည်း ဂျပန်နိုင်ငံ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်မီဒီယာကဏ္ဍ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ JICA Myanmar Office မှ Chief  Representative ဖြစ်သူ Mr.Masayuki Karasawa က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် JICA နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင် ရွက်လျက်ရှိ သည့် စီမံကိန်းတစ်ခုလုံး၏ အနှစ်ချုပ်လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်/သံ ထုတ်လွှင့်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဂျပန်ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ အခြေခံကျင့်ဝတ်များ မူကြမ်း၊ သတင်းထောက်လက်စွဲ မူကြမ်း၊ ရုပ်သံလွှင့် လမ်းညွှန် စာစောင်မူကြမ်းနှင့် ပြည်သူ့အကျိုးပြု အစီအစဉ်များ တိုးချဲ့ထုတ်လွှင့် ရေး အကြံပြုချက် မူကြမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြဆွေးနွေးကြပြီး အဆိုပါ မူကြမ်းများအပေါ် တက်ရောက်လာကြသူများကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် JICA ၏ အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ရုပ်သံလွှင့်ကဏ္ဍ အရည်အသွေးမြှင့်တင်ရေး ထောက်ပံ့ကူညီ ဆောင်ရွက်နေမှုများ၊ ပြည်သူ့အကျိုးပြု အစီအစဉ် ထုတ်လုပ်ပုံလုပ်ငန်းစဉ်နှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ရလဒ်များကို အဓိက ဆွေးနွေးခဲ့ကြသည်။

 

စီမံကိန်းများအနေဖြင့် ပထမအကြိမ်အဖြစ် ၁၉၈၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆေးရောင်စုံ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လွှင့်မှုများအား ဂျပန်နိုင်ငံ Japanese Sasakawa Foundation နှင့် JICA ၏ ODA အထောက်အပံ့များဖြင့် ၁၉၈၀ ပြည့်နှစ်များတွင် ပထမဆုံး စတင်ထုတ်လွှင့်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ရန်ပုံငွေ အထောက်အပံ့ဖြင့် NHK မှ ရုပ်သံလွှင့်အစီအစဉ် ၃၈၃ ခုအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယခု တတိယအကြိမ်အဖြစ် ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အကူအညီဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံအစီအစဉ် အရည်အသွေးများ တိုးတက်မြင့်မားရေး၊ ဝန်ထမ်းများအား လိုအပ်သည့် လေ့ကျင့်သင်တန်းပေးရေးနှင့် ပြည်သူ့အကျိုးပြု အစီအစဉ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် လေးနှစ် စီမံကိန်း ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် စီမံကိန်း၏ စတုတ္ထမြောက်နှစ်ဖြစ်သည်။

 

တစ်ဆက်တည်းမှာပင် စတုတ္ထအကြိမ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့် စက်ပစ္စည်းများနှင့် ရိုက်ကူးရေးစတူဒီယိုများ အဆင့်မြှင့်တင်ခြင်းကို ဂျပန်နိုင်ငံ၏ JICA ODA Grant အထောက်အပံ့ဖြင့် ရုပ်သံလွှင့် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ စီမံကိန်းပြီးမြောက်ခဲ့ပြီး စက်ပစ္စည်းများ ကိရိယာများ စတင်အသုံးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၇ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)နှင့် တပ်ကုန်းတို့၌ Live Broadcasting သရုပ်ပြ တင်ဆက်မှုများနှင့်အတူ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)