နေပြည်တော် ၆ ဒီဇင်ဘာ
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းညီလာခံ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် High Level Meeting on Forests အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Feria de Madrid ၏ North Convention Centre တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်သည်။
အစည်းအဝေးတွင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သစ်တောဂေဟစနစ်များမှရရှိသည့် ဝန်ဆောင်မှုများနှင့် တရားဝင်ထုတ်လုပ်ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအပေါ် အမှတ်တံဆိပ်ဖော်ပြခြင်းနှင့် စဉ်ဆက်မပြတ် သစ်တောများ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများ၊ သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် သစ်တော ထိန်းသိမ်းခြင်းကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရေး၊ ထိုကဲ့သို့ ဆောင်ရွက် ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး၊ မြေအသုံးချမှု ပြောင်းလဲခြင်းကြောင့် သစ်တောပြုန်းတီးပျက်စီးမှုများ လျှော့ချရေးနှင့် သစ်တောစီမံအုပ်ချုပ်မှုနှင့်အတူ ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုနှင့် လူမှုစီးပွား ထိခိုက်မှုမရှိရေးအတွက် Safeguard Measures များ ချမှတ်ဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချရေးကို ဂေဟစနစ်အခြေခံသည့် နည်းလမ်းများဖြင့် အဖြေရှာနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Feria de Madrid ရှိ Exhibition Center 6 ၌ ဥရောပသမဂ္ဂ၏ မြို့ပြဧရိယာနှင့် ပတ်ဝန်းကျင်ဒေသများတွင် သစ်တောသစ်ပင်များ စိုက်ပျိုးတည်ထောင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးခြင်းဖြင့် မြို့ပြများစဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲနှင့် Spanish Pavilion တွင် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တရားမဝင်သစ်များဝင်ရောက်မှု တားဆီးကာကွယ်ရေးအတွက် European Timber Regulation ချမှတ်ကျင့်သုံးခြင်း၊ အဆင့်မြင့်နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးမှုဖြင့် တရားဝင်တင်ပို့သည့် သစ်နှင့် တရားမဝင် သစ်များအား ခွဲခြားခြင်း၊ တရားမဝင် သစ်များအား ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတစ်ခုအနေဖြင့် အရေးယူခြင်း၊ တရားမဝင် သစ်နှင့် တရားဝင်သစ်ခွဲခြားခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်းများအတွက် The fight against worldwide deforestation and illegal Trafficking of tropical timber ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတို့ကို တက်ရောက်ခဲ့သည်။
(သတင်းစဉ်)