နေပြည်တော် ၆ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် JICA ၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr.Seishi Nabesaka နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Seishi Nabesake အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာမှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိရာ ရောက်ရှိသည့် အချိန်မှစ၍ JICA အဖွဲ့အစည်း၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် Master Plan တစ်ခုရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဒေသအလိုက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်များရေး ဆွဲဆောင်ရွက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းများပူးတွဲပို့ချနိုင်ရေး၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)တို့ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေး၊ ရေဘေးအန္တရာယ် အပါအဝင် မီးလောင်မှု၊ မုန်တိုင်း၊ ငလျင်စသည့် သဘာဝဘေး အမျိုးအမျိုးအတွက် လိုအပ်သော နည်းပညာများ၊ သက်ဆိုင်ရာဌာန အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြင်ဆင်မှုများ၊ အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ သတင်းအချက်အလက်များ ထိရောက်လျင်မြန်စွာ ဖြန့်ဝေခြင်းစသည့် နယ်ပယ်များတွင် ဂျပန်နိုင်ငံရှိ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)