နေပြည်တော် ၆ ဒီဇင်ဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၁) သင်တန်း ဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ကျော်ဆွေ နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း နှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိ ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆၁) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ပြည့်ဖြိုးလှိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စိုးထက်မြတ်ကျော်၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရရှိသူ ဗိုလ်လောင်း ဖြိုးမင်းကျော်၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အောင်ဖြိုးကျော်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်း ပြည့်မိုးလျှံတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်မှန်းချက်အတိုင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် အမိစစ်တက္ကသိုလ်ကြီးက လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့်မွေးဖွားလာခဲ့သည့် ရဲဘော်တို့သည် အမိစစ်တက္ကသိုလ်၏ သမိုင်းအစဉ်အလာများကို စောင့်ထိန်းပြီး လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ခေါင်းဆောင်ကောင်း အရာရှိများအဖြစ် တပ်မတော် (ကြည်း၊ရေ၊ လေ) တပ်အသီးသီးတွင် ပေးအပ်လာသော တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း။
ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်မည့် ရဲဘော်တို့သည် မိမိတို့ ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ကောင်းများတွင် ထားရှိရမည့် အရည်အသွေးများလည်းဖြစ်ကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များအတွက် စံနမူနာကောင်း ဖြစ်နေရုံသာမက အခြားသူများ၏ ယုံကြည်လေးစား အားထားရသောသူများ၊ အသိအမှတ်ပြုခံရသူများ ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းဆို သည်မှာ အသိပညာ၊ အတတ်ပညာများနှင့်လည်း ပြည့်စုံရမည် ဖြစ်ကြောင်း၊ ၎င်းအသိ ပညာ၊ အတတ်ပညာများကို ကောင်းမွန်သော အတွေးအခေါ်များဖြင့် ပေါင်းစပ်ပြီး မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက်အောင်မြင်ရန် စနစ်တကျ ဦးဆောင်သွား ကြရမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေ ရခြင်းဖြစ်ပြီး ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍ မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်တက္ကသိုလ်က စစ်ပညာနှင့် စာပေပညာများကို အခြေခံကောင်းများ ရရှိအောင် သင်ကြားပေးလိုက်ခြင်းဖြစ်ပြီး မိမိ၏ အရည်အသွေးနှင့် အရည်အချင်းများ၊ မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက်နေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်နေကြမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ကျန်းမာ ကြံ့ခိုင်မှု ရှိရမည်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရမည်၊ တိုက်ရဲခိုက်ရဲသည့် စိတ်နှင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်၍ တစ်ဦးချင်းကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသော စစ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာများနှင့် ကိုက်ညီအောင် ပြောင်းလဲမှုရှိတိုင်း အသုံးပြုနိုင်ရေး လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် မိမိတို့တပ်မတော်၏ လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မိမိတို့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန် အရေး ၃ ပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေး တာဝန်ထမ်းဆောင်ရန် ပြိုင်တူသစ္စာဆိုထားသူများဖြစ်သည့်အတွက် ပေးအပ်လာသည့် တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူများ၏ နေ့စဉ် လူမှုဘ၀ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရင်းအမြစ်ကောင်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ငြိမ်းချမ်းရေး အရင်းအမြစ်ကောင်းများ လိုအပ် နေဆဲဖြစ်သည်မှာ အားလုံးလက်ခံရမည့် ပကတိ အရှိတရားဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုများ၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ စည်းလုံးညီညွတ်သော နိုင်ငံတော်အသစ်ကို ပြည်သူ့ဆန္ဒနှင့်အညီ တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်းရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NCA စာချုပ်သည် လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA အပေါ်တွင်သာ ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်ရေး၊ တိုင်ရင်းသားပြည်သူ လူထုက လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့အရောက် ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဆိုသည်ကို ပြောကြားလိုကြောင်း။
ဆက်လက်၍ တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး တာဝန်ကျေပွန်သည့် ယုံကြည်အားထားရသည့် အရာရှိကောင်းများဖြစ်လာရန် ကြိုပမ်းဆောင်ရွက်သွားကြရန်၊ အမိတက္ကသိုလ်တွင် လေ့လာ ဆည်းပူးခဲ့သည့် ပညာရပ်များကို အခြေခံပြီး ခေတ်နှင့်အညီ ပြောင်းလဲနေသော စစ်နည်းဗျူဟာ၊ အတတ်ပညာ၊ အသိပညာများကို စဉ်ဆက်မပြတ်လေ့လာကြရန်၊ တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာများကို စောင့်ထိန်းပြီး ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ရပ်နှင့်အညီ ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝစွာဖြင့် မိမိကွပ်ကဲအုပ်ချုပ်ရသည့် လက်အောက်ကို စည်းလုံးညီညွတ်ပြီး စွမ်းရည်ရှိအောင် ကွပ်ကဲကြရန်၊ တပ်တွင်းစည်းရုံးရေးသာမက၊ တပ်ပြင်စည်းရုံးရေးကိုပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ဂုဏ်ကို ထွန်းတောက်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ကာကွယ် ထိန်းသိမ်းပြီး အနာဂတ် ကာလတွင် နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကိုးရသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လို ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)