ကျန်းမာနေသူတစ်ဦးကို နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေငန်းရောဂါများအနက် ရောဂါတစ်ခုခုကို ရွေးယူပါဟုဆိုလျှင် မည်သည့်ရောဂါကိုမှ မယူလိုကြောင်း ငြင်းဆိုသည်မှာ သေချာသည်။ သို့ရာတွင် ယင်းရောဂါများအနက် တစ်ခုကိုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ယူမှန်းမသိ ယူနေကြသူများ မိမိတို့နိုင်ငံတွင် အများအပြား ရှိနေကြသည်ကို တွေ့ရသည်။

အထက်တွင် ဖော်ပြခဲ့သည့်ရောဂါများသည် မကူးစက်နိုင်သည့် ရောဂါများဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ဆေးရုံတက်လာသည့် လူနာများ၏ ၄၁ ဒသမ ၉ ရာခိုင်နှုန်းသည် အဆိုပါရောဂါများကြောင့်ဖြစ်ပြီး သေဆုံးရသူ အားလုံး၏ ထက်ဝက်ကျော်တို့မှာလည်း အဆိုပါ ရောဂါများကြောင့်ပင် ဖြစ်သည်ဟု သိရသည်။ မကူးစက်နိုင်သည့်ရောဂါများ လူတို့တွင် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ လူတစ်ဦးချင်းစီတွင် စွဲမြဲနေသည့် အမူအကျင့်၊ အလေ့အထတို့နှင့် သက်ဆိုင်သည်ဟု ကျန်းမာရေး ပညာရှင်တို့က ဆိုသည်။ ထို့အပြင် ပြောင်းလဲလာသည့် လူနေမှုပုံစံများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများစသည့် အခြားအကြောင်းအချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။

မိမိတို့နိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် ဆေးလိပ်(စီးကရက်) သောက်ခြင်း၊ ကွမ်း (ဆေးရွက်ကြီး) စားခြင်းတို့မှာ အဓိက အကြောင်းရင်းများပင်ဖြစ်သည်ဟု သုတေသနပြုတွေ့ရှိထားပြီးဖြစ်သည်။ ဆေးလိပ်သောက်၊ ကွမ်းစားသည့် အလေ့အထမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာမြင့်မားနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၂၆ ယောက်ကျော်ကျော်က ဆေးလိပ်သောက်ကြပြီး ၄၃ ယောက် တို့က ဆေးပါသည့် ကွမ်းကို စားကြသည်ဟု စစ်တမ်းများတွင် တွေ့ရသည်။ ဆေးလိပ်သောက်၊ ကွမ်းစားကြရာတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်နေကြသည်ကို တွေ့ရသည်။

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့က အစပိုင်းတွင် အပျင်းပြေသဘောမှ စတင်ကြသည်။ မိသားစုဝင်များအတွင်း၊ အပေါင်းအဖော်များအတွင်း ဆေးလိပ်သောက်၊ ကွမ်းစားသူနှင့် နီးစပ်စွာနေရာမှ အလေ့အထတို့ ကူးစက်ခြင်းလည်းဖြစ်သည်။ ရေရှည်သုံးစွဲသည့်အခါတွင် စွဲလမ်းသည့်အခြေအနေသို့ ရောက်လာသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း ဆေးလိပ်နှင့်ကွမ်းယာတို့တွင် ပါဝင်သည့် ဆေးရွက်ကြီးမှ ဓာတုပစ္စည်းဖြစ်သည့် နစ်ကိုတင်းကို စွဲလမ်းကြခြင်းဖြစ်သည်။ နစ်ကိုတင်း စွဲလမ်းကြသူများကို နစ်ကိုတင်းကပင် ရောဂါအမျိုးမျိုး လက်ဆောင် ပေးတတ်သည်။ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင် အဆုတ်ပွ၊ သွေးတိုး၊ ခြေပုပ်လက်ပုပ်၊ ပန်းသေ ပန်းညှိုးစသည့်ရောဂါများကို ရလေ့ရှိကြသည်။

ဆေးလိပ်သောက်သူက ကိုယ်တိုင်ကိုသာမက အခြားသူများကိုပါ ရောဂါပေးနိုင်သည်။ ၎င်းရှူထုတ်၊ ဖွာထုတ်လိုက်သည့် ဆေးလိပ် အခိုးအငွေ့များကြောင့် အနီးတွင် ရှိနေသူများပါ ရောဂါရတတ်သည်။

လေလုံသည့် အခန်းတစ်ခုထဲတွင် ဆေးလိပ်ငွေ့၏ အကြွင်းအကျန်များက ငါးနာရီကြာခန့်အထိ ရှိနေတတ်သည်ဟုဆိုသည်။ ဆေးလိပ်ငွေ့တွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်း ၅ဝ ကျော်နှင့် အခြားဓာတ်ပစ္စည်း ပေါင်း ၄ဝဝဝ ကျော်တို့ ပါဝင်သည်ဟု ဆိုထားရာ လူတစ်ဦး ဆေးလိပ် သောက်ခြင်းက ၎င်းကိုယ်တိုင်ကိုအပြင် ဘေးလူများကိုလည်း ဒုက္ခ ပေးခြင်းဟု ဆိုရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်သည့် ဥပဒေကို ပြဋ္ဌာန်းပြီးခဲ့သည်မှာ ၁၃ နှစ်ကျော်ခဲ့ပြီ။ လက်ရှိအခြေအနေတွင် ခေတ်နှင့်လျော်ညီအောင် ဥပဒေကိုပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် လက်ရှိတည်ဆဲဥပဒေမှာပင် လိုက်နာမှု၊ အကောင်အထည်ဖော်မှု၊ ထိရောက်စွာ အရေးယူမှုတို့ အားနည်းနေခဲ့သည်။ ဥပဒေကို လက်တစ်လုံးခြားလုပ်မှုနှင့် ရှောင်တိမ်းမှုများလည်း ရှိနေသည်။ မည်သို့ပင်ရှိစေ ဆေးလိပ်သောက်မှု၊ ကွမ်းစားမှု တစ်နည်းအားဖြင့် ဆေးရွက်ကြီးမှထွက်သည့် နစ်ကိုတင်းကို တစ်နည်းနည်းဖြင့် ရေရှည်စွဲလမ်းစွာ သုံးစွဲမှုက မိမိနှင့်တကွ မိမိနှင့်အနီးဆုံးလူများကို ရောဂါဆိုးများ ကျရောက်လာစေနိုင်သည်ဟူသော အသိတရားကသာ အဓိကကျကြောင်းနှင့် မကူးစက်တတ်သော ရောဂါများမှ ကင်းဝေးစွာ နေနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း