အောင်ကြည်မိုး(စစ်တွေ)

တင်းဝါးအတွင်း ကောက်ညှင်းဆန်ထည့်၍ မီးဖုတ်စားရသောမုန့်ကို ရခိုင်တိုင်းရင်းသားများက ကောက်ညှင်း ကျည်တောက်ဟုခေါ်ဆိုကြသည်။ ကောက်ညှင်းတင်းဝါး (ခ) ကောက်ညှင်းကျည်တောက်သည် ရခိုင်ဒေသရှိ ပွဲဈေးတန်းများ၌ သရေစာမုန့်တစ်ခုအဖြစ် အရောင်းရဆုံးအဖြစ် ရှိနေသည်။ ရပ်ရွာများ၌ တရားပွဲလမ်းသဘင် ကျင်းပကြရာတွင်လည်း အာဟာရဒါနအဖြစ် ကောက်ညှင်းတင်းဝါးကို ကျွေးမွေးကြသည်။ ရခိုင်ဒေသ ကျေးလက်များ၌ သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်း လပြည့်နေ့တို့တွင် ကောက်ညှင်းတင်းဝါးကို ပံ့သကူ အစားအစာအဖြစ် လမ်းမများပေါ်၌ ချထားတတ်သလို နိဗ္ဗာန်ဈေးများတွင်လည်း ကောက်ညှင်းတင်းဝါးကို မုန့်အဖြစ် ကျွေးမွေးလှူဒါန်းကြသည်။

ကောက်ညှင်းတင်းဝါး ပြုလုပ်ရာတွင် အခြားဝါး အမျိုးအစားကို အသုံးပြု၍မရဘဲ တင်းဝါးကိုသာ အသုံးပြုကြရသည်။ တင်းဝါးသည် မီးအချိန်အကြာ အဖုတ်ခံ၍ဖြစ်သည်။ တင်းဝါးကို အသုံးပြုရာတွင် မီးအဖုတ်ခံနိုင်အောင် တင်းဝါးအနုကို အသုံးမပြုကြဘဲ တင်းဝါးအရင့်ကိုသာ အသုံးပြုကြရသည်။ ။

 

mdn

 

တင်းဝါးပြုလုပ်ရန် ကောက်ညှင်းဆန်ကို အချိန်အနည်းငယ် ရေစိမ်ထားရသည်။ တင်းဝါးကို တစ်တောင် နီးပါးခန့်အရှည် ဓားဖြင့် ပိုင်းရသည်။ တင်းဝါးကို ဓားဖြင့်ခုတ်ပိုင်းပြီးနောက် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို တင်းဝါးအတွင်း ထည့်ရသည်။ ကောက်ညှင်းဆန် ထွက်မကျစေရန် တင်းဝါးအတွင်း အဆို့(အဖုံး)ထည့်ရ လွယ်ကူအောင် တင်းဝါးကို အချွန်ပြုလုပ်ရသည်။

ကောက်ညှင်းဆန်ကို တင်းဝါးအတွင်းထည့်ရာတွင် အပြည့်မထည့်ရဘဲ ရေထည့်ရန် လက်နှစ်ဆစ်နီးပါး ချန်ထားရသည်။ တချို့မှာ ကောက်ညှင်းဆန်နှင့်ရော၍ အုန်းသီးကို ပါးပါးလှီးပြီးထည့်ကြသည်။ တင်းဝါးအတွင်း ကောက်ညှင်းဆန် ထည့်ရာတွင် တင်းဝါးကို လှုပ်ပေးရသည်။ တင်းဝါးအတွင်း ကောက်ညှင်းဆန်အများ ဝင်ဆံ့ရန်နှင့် တစ်စေ့နှင့်တစ်စေ့  ပူးကပ်ရှိနေနိုင်ရန် ဖြစ်သည်။ ကောက်ညှင်းဆန်၊ အုန်းသီး၊ ရေစသည်တို့ ထည့်ပြီးနောက် တင်းဝါးအတွင်းမှ ထွက်မကျစေရန် တင်းဝါးအပေါက်ကို အုန်းသီးအဆန်ဖြင့် ပိတ်ရသည်။ ညောင်ရွက်၊ သရက်ရွက် အစရှိသည့် သစ်ရွက်များကိုလည်း တင်းဝါးအဖိုးအဖြစ် အသုံးပြုတတ်ကြသည်။

ရခိုင်ဒေသ၌တင်းဝါး (ခ) ကောက်ညှင်းကျည်တောက် ပြုလုပ်ရာတွင် တချို့က မီးဖုတ်သလို တချို့ကလည်း မီးရဲရဲဖြင့်ကင်၍ စားတတ်ကြသည်။ ပွဲဈေးတန်းများ၌ တင်းဝါးအကြီးဖြင့် ပြုလုပ်သော တင်းဝါးကို ခွဲခြမ်းစိတ်၍ ရောင်းသော်လည်း တင်းဝါးအသေးဖြင့် ပြုလုပ်ထားသော တင်းဝါးကို မခွဲခြမ်းဘဲရောင်းကြသည်။ ရခိုင်ဒေသရှိ သင်္ဘောဆိပ်၊ ကားဂိတ်များ၌ တင်းဝါးအသေးများကို ကြိုးဖြင့်စည်း၍ ရောင်းချကြသည်။ ပေါက်တောမြို့မှ တင်းဝါး (ခ) ကောက်ညှင်းကျည်တောက်သည် ရခိုင်ပြည်နယ်၌ လူကြိုက်အများဆုံးဖြစ်ပြီး ကောက်ညှင်း တင်းဝါးကို ရခိုင်ရိုးရာမုန့်တစ်ခုအဖြစ် စားသုံးလျက် ရှိနေကြပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ကြေးမုံ