မသန်စွမ်းဟူသည် “မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချွတ်ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကိုဆိုသည်” ဟု မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မသန်စွမ်းမှုဆိုင်ရာ အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်းတွင် မသန်စွမ်းသူဦးရေ ခန့်မှန်းတစ်ဘီလီယံခန့်ရှိပြီး ၂၀၁၄ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ နှစ်သန်းသုံးသိန်းရှိကြောင်း သိရသည်။ ကမ္ဘာ တစ်ဝန်းတွင်ရှိသော မသန်စွမ်းသူများသည် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့်  စိတ်သဘောထားပိုင်းဆိုင်ရာအ တားအဆီးများကို ရင်ဆိုင်ကြုံတွေ့နေရပြီး လူ့အသိုက်အဝန်းအတွင်း၌ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်မရရှိကြောင်း လေ့လာတွေ့ရှိချက်များက ဆိုသည်။

မိမိတို့ မြန်မာ့လူမှုအသိုင်းအဝိုင်းသည် စာနာသနားစိတ်၊ အားနည်းသူကို ဖေးမကူညီစိတ်၊ အလှူအတန်းရက်ရောမှု စသည်ဖြင့် အခြေခံစိတ်ရင်း စေတနာကောင်းများရှိသော လူမျိုးများဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် မိမိ၏ စိတ်ရင်းစေတနာကောင်းက တစ်ပါးသူအတွက် စိတ်မကောင်း စရာ၊ စိတ်ခံစားချက်ဖြစ်စရာအဖြစ် ခံစားသွားရသည်များလည်း ရှိနိုင်သည်။

ဥပမာအားဖြင့် အထက်ကဆိုခဲ့သည့် မသန်စွမ်းသူတစ်ယောက်ယောက် မိမိပတ်ဝန်းကျင်တွင် ရှိသည်ဆိုပါစို့ အများအားဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဆိုပါ မသန်စွမ်းသူအနေဖြင့် ကူညီလုပ်ကိုင်နိုင်သည့် ကိစ္စကြီးငယ် ရှိနေလင့်ကစား မိမိတို့လူ့အသိုင်းအဝိုင်းက ထိုသူပင်ပန်းမှာစိုးရိမ်၍ သော်လည်းကောင်း၊ အလုပ်ပြီးမြောက်မှု နှောင့်နှေး ကြန့်ကြာမည်ကို စိုးရိမ်၍သော်လည်းကောင်း သဘောရိုးဖြင့် ပေးမလုပ်ခိုင်းသော်လည်း အဆိုပါပုဂ္ဂိုလ်၏စိတ်ခံစားချက်တွင် မိမိမှာ ချွတ်ယွင်းချက်တစ်စုံတစ်ရာ ရှိနေသောကြောင့် ပေးမလုပ်ခြင်းဖြစ်သည်ဟု အထင်ရောက်သွားနိုင်သည်။ တစ်နည်းအားဖြင့် သူ့အားဝိုင်းပယ်ထားသည်ဟု စိတ်ခံစားမှုကို ဖြစ်စေနိုင်သည်။

မသန်စွမ်းသူများသည်မသန်သော်လည်း စွမ်းဆောင်နိုင်သည်ဆိုသည့် ဆိုရိုးစကားအတိုင်း မသန်စွမ်းသူအများစုတွင် အတတ်ပညာတစ်ခုခု၌ ထူးချွန်ကြသလိုစိတ်ဓာတ်ကြံ့ခိုင်ကြသူများလည်း ဖြစ်ကြသည်။ လိုအပ်ချက် မှာ သန်စွမ်းသူများနှင့် တန်းတူအခွင့်အရေး ရရှိရေးနှင့် အတားအဆီးကင်း သော ပတ်ဝန်းကျင် ဖော်ဆောင်ပေးရေးပင် ဖြစ်သည်။

အတားအဆီးကင်းသော ပတ်ဝန်းကျင်ဆိုသည်မှာ ဥပမာအားဖြင့် လမ်းများ၊ ရထားများ၊ ဘတ်စ်ကားများ၊ လူနေတိုက်တာများ၊ ဈေးဝယ်စင်တာများ စသည့် အများပြည်သူ သွားလာရာနေရာများတွင် မသန်စွမ်းသူများ အတားအဆီးကင်းစွာ သွားလာနိုင်ရန် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။

ယခုအခါတွင် နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများ လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေးနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်လာစေရေး ကနဦး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မသန်စွမ်းသူများ အမှီအခိုကင်းစွာ၊ မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ သွားလာနိုင်ရေးအခွင့်အရေးများ ဖန်တီးပုံဖော်ပေးနေခြင်းပင်ဖြစ်သည်။

လူတစ်ဦးတစ်ယောက်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ အခြေခံလူ့အခွင့်အရေးများကို ရရှိခံစားရမည်မှာ လူသားဖြစ်မှုနှင့်ဆိုင်သော ရပိုင်ခွင့်များပင် ဖြစ်ပါသည်။ ထိုအခွင့်အရေးများကို အပြည့်အဝရရှိရေး ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်သည်။ ။

ထို့ကြောင့်ပင် မသန်စွမ်းသူများအတွက် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အလေးထား ဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် အချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် မသန်စွမ်းသူများ၏ တန်းတူညီမျှ အခွင့်အရေးရရှိရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။

ကြေးမုံ