လွိုင်လင် ၇ ဒီဇင်ဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာန နှင့် လွိုင်လင်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(လွိုင်လင်)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ၊ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကွင်းပြင်၌ ကျင်းပကြောင်း သိရသည်။
အစီအစဉ်အရ ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအစီအစဉ်ကိုကျင်းပရာ ထူးချွန်ကျောင်းသား/ကျောင်းသူများဖြစ်ကြသော စိုင်းခေးဟန်လှိုင်း ၊ မဆည်းဆာထက်အောင် နှင့် မရွှေနွယ်ဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးအောင်ဇော်လတ် ၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ၊ လွိုင်လင်တပ်နယ်မှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသောဧည့်သည်များ ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက်အခမ်းအနား အစီအစဉ်များကျင်းပနိုင်ရန် လွိုင်လင်မြို့ပေါ်ရှိ အထက(၁ ၊ ၂၊ ၃)တို့မှ ကျောင်းသား/ကျောင်းသူ ကလေးများက Theme Song ကလေးစာပေပွဲတော် သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ပေးကြသည်။ ယင်းနောက် လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ပြည်နယ်ဦးစီးမှူး ဦးစိုညွှန်ရွှေ တို့မှ အသီးသီး အမှာစကားပြောကြားကြာသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ နှင့် ပြိုင်ပွဲအစီအစဉ်များ ၊ ဂိမ်းကစားပွဲ အစီအစဉ်များကို သတ်မှတ်နေရာများတွင်ကျင်းပရာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ လွိုင်လင်ခရိုင်ကလေးစာပေပွဲတော်ကို ဒီဇင်ဘာလ( ၇ )ရက်နေ့မှ (၈)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ လွိုင်လင်ခရိုင်ကလေးစာပေပွဲတော် တွင် ကျပန်းစကားပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ ပုံပြင်ပြောပြိုင်ပွဲ ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ များနှင့် အရုပ်ဆက် ၊ စကားပုံဆက် ၊ကလေးစာပေပြခန်း နှင့် ဂိမ်းကစားနည်းပြိုင်ပွဲများပါဝင်ကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးနိုင်ရန် 3D ပြဘုတ်များထားရှိပေးထားကြောင်း သိရသည်။
လွိုင်လင်ခရိုင်ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်များပြင် လွိုင်လင် ၊ပင်လုံ ၊ မိုင်းပွန် ၊ နမ့်စန် မြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူ (၃၀ဝ၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)