ပဲခူး  ၇  ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၌ ကလေးစာပေပွဲတော်များ၏  ဒုတိယအကြိမ်မြောက် ကလေးစာပေပွဲတော်(ပဲခူး)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

 

a

 

ဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖလူရည်ချွန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကိုခန်းမတွင် ဆက်လက်ကျင်းပရာ ပဲခူးအ.ထ.က(၃) မှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်း သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ကလေးစာပေပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပတဲ့ ကလေးစာပေပွဲတော်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပတဲ့ကာလလောက်ပဲ အလေးထားခံယူ ကျင့်သုံးပြီး ပွဲတော်ပြီးသွားသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်မသွားရန် အရေးကြီးကြောင်း၊ စဉ်ဆက်မပြတ် တိုးတက်မှုရလဒ်များ ရရှိစေရန် ကလေးများနှင့် လူကြီးမိဘများကလည်း စီမံကောင်းတွေ ချမှတ်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဤပွဲတော်မှစ၍ လေ့လာမှတ်သားစရာများကို လေ့လာမှတ်သားကြပြီး နိုင်ငံတော်ရဲ့ ပုခုံးပြောင်းတာဝန်များကို ဆောင်ရွက်နိုင်မည့် သားကောင်း သမီးမွန်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာစောညိုဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့်သာသနာပြုအသင်းက(နာယက)ဒေါ်မြင့်မြင့်သန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

a

 

 ယင်းနောက် အထက(၃)ကျောင်းသားကျောင်းသူများက ယဉ်ကျေးမှုအမွေ ပုဂံမြေ သီချင်းဖြင့်လည်းကောင်း၊ အထက(ခွဲ) နတ်ကင်းကျောင်းမှ ကျောင်းသားကျောင်းသူများက ထာဝရသစ္စာ သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများက ပြပွဲပြခန်းများ၊ စာအုပ်ဆိုင်တန်းများနှင့် ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် ကျောင်းသား/ကျောင်းသူ ကလေးများကို အားပေးကြည့်ရှု ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော် (ပဲခူး)တွင်ဌာနဆိုင်ရာပြခန်းများ၊ ဉာဏ်စမ်းပဟေဠိများ၊ ကလေးစာဖတ်ခန်းများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် အရုပ်ဆက်၊ စကားပုံဆက်စသည့် ဂိမ်းကစားနည်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 

 

a

 

ထို့အပြင် ကလေးငယ်များ ပွဲတော်လာ အမှတ်တရအဖြစ်  ဓာတ်ပုံများ ရိုက်ကူးနိုင်ရန်  ဘုတ်များ ထောင်ထားပေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးဝေနိုင်ရန်နှင့်အကနှင့်ဖျော်ဖြေရေးများ၊အာဟာရကျွေးမွေးမည့်နေရာများ၊စာအုပ်ဆိုင်များနှင့် တိုင်းရင်းသားရိုးရာအစားအစာဆိုင်များ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


ကလေးစာပေပွဲ(ပဲခူး)ညပိုင်း၌ စာပေဟောပြောပွဲကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ဦးဘုန်း(ဓာတု)နှင့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဆရာညီမင်းညိုတို့က ဗိုလ်ချုပ်ကြေရုပ်ရင်ပြင် ညစဉ်(၇းဝဝ)နာရီ စာပေအသိပညာပေးဟောပြောသွားမည်ဖြစ်ကာ တိုင်းရင်းသားရိုးရာ အစားအစာများ ပြသရောင်းချပွဲကို ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ညနေ ၄ နာရီမှည ၁၀ နာရီအထိ ရွှေမော်ဓော ဘုရားလမ်းအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့ ပလက်ဖောင်းဘေးတွင် ပြသရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)