ကျောက်ကြီး  ၇   ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း တောင်ငူခရိုင် ကျောက် ကြီးမြို့နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျောက်ကြီးမြို့နှင့် ပဲနွယ်ကုန်းမြို့ ကားလမ်းပေါ် မှ လမ်းဦးစီးဌာန၏ မြို့နယ်ချင်းဆက်တံတားများဖြစ်သည့် တံတားအမှတ် ၂/၅၇ နှင့် ၁/၁၄ ဒေသအခေါ် တူးမြောင်းတံတားနှင့် ခရုမြောင်တံတား နှစ်စင်းမှာသက်တမ်းကြာမြင့်ပြီဖြစ်ခြင်း၊ သဘာဝဘေး အန္တရာယ်များကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ်ခြင်းတို့ကြောင့် ပြုပြင်ရန်လိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ 

 

a

 

 တူးမြောင်းတံတား(ခေါ်) ဟယ်မင်တန် တံတား သည် ကျောက်ကြီးမြို့အဝင် ပဲခူးရပ်ကွက်နှင့် ဆိပ်ကြီးကျေးရွာအကြားတွင်တည်ရှိပြီး ၁၉၆၆ ခုနှစ်က စတင်တည်ဆောက်ခဲ့သော အရှည် ၄၀ ပေ၊ အကျယ် ၁၂ ပေနှင့် ခံနိုင်ဝန် ၁၃ တန် ရှိ သံဘောင်တံတားအမျိုးအစားဖြစ်သည်။ လက်ရှိအခြေအနေတွင် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားကြီးရှိနေပြီး ယာဉ်အသွားအလာ များပြားလာမှုကြောင့် တစ်လမ်းသွား တံတားဖြစ်ခြင်း၊ တံတား၏ခံနိုင်စွမ်းအားနိမ့်ပါးလာခြင်းတို့သည် အန္တရာယ်အနေအထားသို့ ရောက်ရှိနေကြောင်း ဒေသခံများက ပြောကြသည်။

 

a

 

ခရုမြောင်းတံတားမှာ ကျောက်ကြီးမြို့နယ် ညောင်ကုန်းကျေးရွာနှင့် ရန်မျိုးအောင်ကျေးရွာအကြားတွင် တည်ရှိပြီး အရှည် ၈ဝ ပေ၊ အကျယ် ၁၈ ပေနှင့် ခံနိုင်ဝန် ၂၀ တန် ရှိ သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်သည်။ အင်းပေါ်တွင် တည်ဆောက်ထားသောတံတား ဖြစ်ခြင်း၊ နယ်မြေမအေးချမ်းစဉ်က မိုင်းခွဲဒဏ်ခံခဲ့ရခြင်းတို့ကြောင့် တံတားရေလယ်တိုင်များမှာနိမ့်ကျပြီး တံတားပြိုကျပျက်စီးမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်း သိရသည်။

 

a

 

ကျောက်ကြီးမြို့သည် ကျောက်ကြီးပဲနွယ်ကုန်းကားလမ်းကို ဗဟိုပြု၍ ကျောက်ကြီးနှင့် ရန်ကုန်၊ မြဝတီ၊ တောင်ငူ ၊နေပြည်တော် အဝေးပြေးယာဉ်လိုင်း များပြေးဆွဲလျက်ရှိခြင်း၊ မြို့နယ်အတွင်းမှ အုတ်၊သဲ၊ကျောက်နှင့် ဂဝံမြေများအား ယာဉ်ကြီးများဖြင့် သယ်ယူပို့ဆောင်လျက်ရှိခြင်း၊ လူ့အသုံးအဆောင်နှင့် စားသောက်ကုန်ပစ္စည်းများတင်ဆောင်သည့် ကုမ္ပဏီယာဉ်နှင့် ကုန်စည် ယာဉ်ကြီးယာဉ်ငယ်များ နေ့ညမောင်းနှင်လျက်ရှိခြင်းတို့ဖြင့် နေ့စဉ် ယာဉ်အစီးရေ ၁၀ဝဝကျော် ဖြတ်သန်သွား လာနေသောလမ်းပေါ်ရှိတူးမြောင်းတံတားနှင့် ခရုမြောင်းတံတားများအား အချိန်မီ ကွင်းဆင်းစစ်ဆေး ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိသည်။

ကိုသားကြီး(ကျောက်ကြီး)