မန္တလေး  ၇   ဒီဇင်ဘာ

 

ဆေးတက္ကသိုလ် (မန္တလေး) ၆၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၃×၇၄ လမ်းကြားရှိ အဆိုပါတက္ကသိုလ်တွင် ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပင်မဆောင်ရှေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ပါမောက္ခ(ငြိမ်း) ဒေါက်တာချစ်မောင်၊ ပါမောက္ခ(ငြိမ်း) ဒေါက်တာကြူကြူဆွေနှင့် ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်တို့နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တက်ရောက်လာကြသူများသည် တာဝန်ရှိသူများသည် ပင်မဆောင်အောက်ထပ်ရှိ အထိမ်းအမှတ်ပွဲတော် ဓာတ်ပုံမှတ်တမ်းများ ပြသထားမှုကို လှည့်လည် ကြည့်ရူသည်။

 

၎င်းနောက် အောင်ပင်လယ်ခန်းမ(၂)တွင် အာစရိယပူဇော်ပွဲနှင့် ဂုဏ်ပြုပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အခမ်းအနားပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး အငြိမ်းစားဆရာ၊ ဆရာမကြီး (၆၅)ဦးကို ပူဇော်ကန်တော့ကြပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ ဆရာကြီး၊ ဆရာမကြီးများက ဆုံးမသြဝါဒစကား ပြောကြားသည်။

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲကို အောင်ပင်လယ်ခန်းမ(၁)တွင် ကျင်းပရာ ‘‘ဝေးလံခေါင်ဖျား လူငယ်ဆရာဝန်များ’’ ခေါင်းစဉ်ဖြင့် Moderator များအဖြစ် ပါမောက္ခဒေါက်တာ ခင်မောင်လွင်နှင့် ပါမောက္ခဒေါက်တာသီတာတို့က ဆောင်ရွက်၍ ပါဝင်ဆွေးနွေးသူများအဖြစ် ပူတာအိုခရိုင်ဆေးရုံမှ အထူးကုသမားတော် ဒေါက်တာ လင်းအောင်ထက်၊ ချင်းပြည်နယ် ခေါင်လန်ဖူး မြို့နယ်ဆေးရုံမှ မြို့နယ်ဆရာဝန် ဒေါက်တာမင်းလွင်၊ ဒေါက်တာ ထက်အောင်၊ ဟုမ္မလင်းမြို့နယ် ဆေးရုံမှ ဒေါက်တာနေဦး၊ ခန္တီးမြို့နယ်ဆေးရုံမှ ဒေါက်တာရည်မွန်ကျော် တို့က ဖွံ့ဖြိုးမှုနည်းပါး၍ ဝေးလံခေါင်းဖျားသည့် ဒေသများ၌ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ကုသမှု လုပ်ငန်းများ ဆောင်ရွက်မှု အတွေ့အကြုံများ၊ အခက်အခဲများအား ရင်ဆိုင်ဖြတ်သန်းခဲ့ပုံများကို မျှဝေဟောပြောသည်။

 

ညနေပိုင်းတွင် ဆေးတက္ကသိုလ်(မန္တလေး) (၆၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများမှ ယဉ်ကျေးမှုပဒေသာ ကပွဲဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

ယင်းအခမ်းအနားများသို့ ဆေးတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးချစ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆေးတက္ကသိုလ်(မန္တလေး) ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၊ တက်ရောက်သည်။

 

အဆိုပါဆေးတက္ကသိုလ်(မန္တလေး) ကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မန္တလေးဆေးသိပ္ပံ၊ မဟာဌာနခွဲဟူသော အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုယ်ပိုင်အဆောက်အဦ မရှိသဖြင့် မန္တလေးကောလိပ်နယ်မြေအတွင်းရှိ စိုက်ပျိုးရေးဝင်း ရုံးပိုင် တိုက်နီလေး (ခေါ်) နှစ်ထပ်တိုက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

 ၁၉၅၅ ခုနှစ်၊ ဇူလိုင်လတွင် ယခုလက်ရှိနေရာဖြစ်သော ချမ်း အေးသာစံမြို့နယ်၊ မောရဂီပါရပ်ကွက်၊ ၃၀×၃၁ လမ်း ကြား၊ ၇၃×၇၄ လမ်းကြား၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မန္တလေးဆေးသိပ္ပံ၊ မဟာဌာနခွဲမှ မန္တလေးဆေးသိပ္ပံ၊ မဟာဌာန အမည်သို့လည်းကောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဆေးတက္ကသိုလ်(မန္တလေး) အမည်သို့လည်းကောင်း ပြောင်းလဲခေါ်ဆိုခဲ့ရာ ယနေ့အထိ ဆေးတက္ကသိုလ်(မန္တလေး)ဟူ၍ ခေါ်ဆိုလျက်ရှိ၍ ပါရဂူဘွဲ့လွန် သင်တန်းများ၊ ဒီပလိုမာ/ ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၊ ဆေးပညာဘွဲ့သင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍအတွက် အရည်အချင်းပြည့်ဝသည့် ဆရာဝန်များကို နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကာ  ယခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က စတင်ဖွင့်လှစ်သည့် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဆေးပညာ ပထမနှစ်သင်တန်း Foundation Year(12/2019) သို့ တက်ရောက်သင်ကြားခွင့်ရရှိသူ (၃၁၀)ဦး ရှိကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား )