ပဲခူး  ၇  ဒီဇင်ဘာ

 

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတွင် ဒီဇင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီက သံဃာအပါး (၅၀ဝ၀) ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

 

အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော် ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်တော်မူကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော် မူကြသည်။

 

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူရန်နှင့် ဝေယျာဝစ္စအတွက် အလှူ ငွေကျပ်သိန်း(၁၀ဝ)၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပနိုင် အလှူငွေကျပ်သိန်း(၅၀)၊ ပဲခူးတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ်သိန်း(၁၅၀)၊ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံး တိုးချဲ့ဆောင်ဆောက်လုပ်ရန် အတွက် အလှူငွေကျပ်သိန်း(၅၀)၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆေးပဒေသာပင်အတွက် ငွေကျပ်သိန်း(၁၂၀)တို့ကို လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပေးအပ်လှူဒါန်းခြင်း၊ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိ ဘာသာရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ပြုလုပ်ကြသည်။

 

ယင်းနောက် လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ဦးဆောင်ဆရာတော် အရှင်စင်တောက်က သာရဏီယကထာ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြောကြားပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းသံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃ နာယကဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်အပါး(၅၀ဝ၀)တို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဝန်ကြီးများ၊  အပြည်ပြည်ဆိုင်ရာလင်ဂျူ းတောင်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့မှဒါယကာ၊ ဒါယိကာမများ၊ အလှူ ရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်နှင့်လှူ ဖွယ်တ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)