ပခုက္ကူ ၇ ဒီဇင်ဘာ
တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဖြင့် ရဲလုပ်ငန်းစဉ်များ ပိုမိုထိရောက် အားကောင်းစေရေးရည်ရွယ်၍ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဌေးက ရဲလုပ်ငန်းစဉ်များကြောင်း၊ မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များအကြောင်းကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေက တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးပါပုံ အကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့မစခန်းမှူး ဒုတိယရဲမှူး မင်းဇော်ဦး၊ ကမ္မမြို့စခန်းမှူး ရဲအုပ်မြင့်နိုင်လင်းနှင့် မြစ်ခြေမြို့စခန်းမှူး ရဲအုပ်ကျော်သူရတို့က မိမိတို့သက်ဆိုင်ရာမြို့အလိုက် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအကြောင်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထိုဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ စသည့် မြို့များမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ယာဉ်တိုက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကလေးခိုးမှု၊ လုယက်မှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစားမှု စသည့် မိမိတို့ဒေသတွင် ဖြစ်ပေါ်တွေ့ရှိနေသည့် အချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ အကြောင်းတို့ကို မေးမြန်းကြသည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ပြည်သူလူထုများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကျဆင်းရေး၊ မှုခင်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် မတရားသည့် လုပ်ဆောင်ချက်များ၊ ဖြစ်စဉ်များကို သတင်းပေးခြင်း၊ မြို့တွင်း လှည့်ကင်းဆောင်ရွက်ခြင်းနှင့် ဖမ်းဆီးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြောင်းနှင့် တချို့အမှုကိစ္စရပ်များသည် သက်ဆိုင်ရာ ဌာနရုံးနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်များဖြင့်သာ ဆောင်ရွက်နိုင်ပြီး အစိုးရဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းစည်းမျဉ်းဥပဒေများအညီ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ကြောင်းတို့ဖြင့် ပြန်လည်ဖြေကြားကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ဆွေးနွေးပွဲရလဒ်များ ပြောကြားပြီး ပခုက္ကူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲကို ပခုက္ကူခရိုင် Action Aid Myanmar ၏ ငွေကြေးပံ့ပိုးကူညီမှုဖြင့် ပခုက္ကူမြို့နယ် လူမှုရေး အသင်းအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး


