ရန်ကုန် ၇ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီမှ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် အထူးအစာရှောင်ဆုတောင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သန့်ရှင်းသော တြိနတိကသီဒြယ် ဘုရားကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ဇနီး ဒေါ်လွင်လွင်မှန်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များ တက်ရောက်ကြသည်။

 

mdn

 

ရှေးဦးစွာ ဓမ္မတေးသီချင်းဖြင့်ဆုတောင်းကာ အခမ်းအနားကိုဖွင့်လှစ်ပြီး သန့်ရှင်းသော တြိနတိကသီဒြယ် ခရစ်ယာန်ကျောင်းထိုင်ဆရာတော် ရယ်ဂျီနယ်ဘဲနက်နှင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးတို့က အဖွင့်ဆုတောင်းစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားများအားလုံးအနေဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး တစ်မြေထဲနေ တစ်ရေထဲသောက် နေထိုင်ကြီးပြင်းရာ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ကြစေလိုကြောင်း၊ မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရားအဆုံးအမများကို ခံယူကြပြီး အစွန်းနှစ်ဖက်ကိုရှောင်ရှားကာ လောကကောင်းကျိုး၊ နိုင်ငံကောင်းကျိုးကို ဦးတည်ဆောင်ရွက်ကြခြင်းအားဖြင့် ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ စည်းလုံးညီညာ ပံ့ပိုးကူညီဆောင်ရွက်နိုင်ပါစေကြောင်းနှင့် နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထိုက်က အထူးအစာရှောင် ဆုတောင်းခြင်းအတွက် ဆုတောင်းမေတ္တာပေးပို့ပြီး ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးများနှင့် ဆရာတော်များက မြန်မာနိုင်ငံတော်အတွက် ဆုတောင်းမေတ္တာပေးပို့ကြသည်။

 

mdn

 

ယင်းနောက် သန့်ရှင်းသောကားတိုင်ဓမ္မတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက သံစုံဓမ္မသီချင်းများဖြင့်  ဂုဏ်တော်ချီးမြှင့်ကြပြီး တက်ရောက်လာသည့် ဒုတိယသမ္မတ (၂)၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို ခရစ်ယာန်ဘုန်းတော်ကြီးများက ခရစ္စမတ်လက်ဆောင်များ ပေးအပ်ကြသည်။

 

သတင်းစဉ်