ရန်ကုန် ၇ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သဲဖြူကျေးရွာ မဟောသဓပဏ္ဍိတ ကျောင်းတိုက်မှ ဒေါက်တာဉာဏမေတ္တာ ရေးသားသည့် “ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှုပညာနှင့် ဘဝအောင်မြင်ရေး” စာအုပ်နှင့် စာရေးဆရာ ဝီလျှံအောင်ရေးသားသည့် “မော်တော်ယာဉ်အာမခံအကြောင်း မသိမဖြစ် သိကောင်းစရာများ”စာအုပ်နှင့် “အသက်အာမခံအကြောင်း သိကောင်းစရာများ”စာအုပ်များ မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာ မောင်သင်းထုံ(ကျောက်မဲ)၊ ဦးမျိုးညွန့် (INSURANCE A to B)နှင့် အာမခံသတင်းလွှာဂျာနယ် အယ်ဒီတာချုပ် ဦးစိုးဝင်းသန်းတို့က စာအုပ်မိတ်ဆက်ပွဲနှင့်စပ်လျဉ်း၍ မုဒိတာစကားများ ပြောကြားကြသည်။
“ခုခေတ်လူငယ်တွေက ဗုဒ္ဓစာပေတွေနဲ့ အလှမ်းဝေးကွာနေပြီး ခေါင်းဆောင်မှုပညာနဲ့ စီမံခန့်ခွဲမှုတို့ဆိုရင် အနောက်တိုင်းကိုပဲ ပြေးမြင်ကြတယ်။ ဗုဒ္ဓဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်ကတည်းက ဒီလမ်းစဉ်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဘဝမှာ ခေါင်းဆောင်ကောင်းတစ်ယောက်၊ အောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဗုဒ္ဓအဆုံးအမနဲ့ လိုက်နာခြင်းက လောကမှာ စိတ်ချမ်းသာပြီး သောကကင်းဝေးခြင်းနဲ့ ပြည့်စုံမယ်၊ အောင်မြင်မှုတည်တံ့မယ်”ဟု ဒေါက်တာဉာဏမေတ္တာက မိန့်ကြားသည်။
အာမခံလုပ်ငန်းအကြောင်းရေးသားသူ စာရေးဆရာဝီလျံအောင်က “မြန်မာပြည်သူတွေ အာမခံလုပ်ငန်းနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေ တိုးပွားဖို့ရည်ရွယ်ပြီး ရေးသားခဲ့တာပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့စာအုပ်တွေ ရှိပေမယ့် အင်္ဂလိပ်ဘာသာ အားနည်းတဲ့သူတွေ အခက်အခဲရှိတယ်။ နိုင်ငံတကာနဲ့ ကျွန်တော့်အတွေ့အကြုံ ပေါင်းစပ်ပြီး စာဖတ်သူတွေ သိရှိနားလည် ရှင်းလင်းအောင် ရေးသားထားပါတယ်။ စာအုပ်ထဲမှာ အာမခံနဲ့ပတ်သက်ပြီး အကြံပြုချက်တွေ အများကြီးပါရှိပါတယ်။ နိုင်ငံခြား အာမခံကုမ္ပဏီတွေမှာ ကျင့်သုံးတဲ့အကြောင်းအရာ အချက်အလက်တွေကို ဖော်ပြရေးသားထားပါတယ်။ ဖတ်ရှုပြီး မိမိအခွင့်အရေး တာဝန်ယူမှု၊ တာဝန်ခံရမယ့်အပိုင်းတွေကို ပိုမို သိရှိသွားပါမယ်”ဟု ပြောသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် ရေးသားသူများကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။
သတင်း - မွန်းဦးနဒီ
ဓာတ်ပုံ - ရဲထွဋ်