နေပြည်တော် ၇ ဒီဇင်ဘာ

 

ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်တန်းခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဆေးပညာဘာသာရပ်အလိုက် စနစ်တကျ ပိုမိုတိုးတက်ဖွံ့ဖြိုးလာရန်အတွက် ဆေးတက္ကသိုလ် (၅)ခုမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ ပါဝင်သော ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင် ၁၀ ဦး ပါဝင်သည့် အဖွဲ့ပေါင်း ၃၀ ကျော်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့များအနေဖြင့် မိမိတို့၏ ဘာသာရပ် ပိုမိုမြင့်မားလာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့် လုပ်ငန်းမူဘောင်များကို ရေးဆွဲချမှတ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သင့်လျှော်မှန်ကန်သော၊ အရည်အသွေးကောင်းမွန်သော၊ စံချိန်စံညွှန်းပြည့်မီ၍ ကြာရှည်အသုံးပြုနိုင်သော ဆေးဝါးနှင့် စက်ကိရိယာပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် အကြံပြုချက်များ ပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ ဆေးပညာရပ်အလိုက် ပညာရှင်အဖွဲ့များသည် မိမိတို့၏ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိသူများဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် အကြံပြုချက်များ၊ တင်ပြချက်များကို သေချာစွာမှတ်သား၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် လူနာများဘေးကင်းလုံခြုံရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ ရေးဆွဲထုတ်ဝေခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို လာမည့်တစ်နှစ်တာ ကာလအတွင်း အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူနာဘေးကင်း လုံခြုံရေးနှင့် သက်ဆိုင်သော ခွဲစိတ်ခန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်၊ လူနာများ မခွဲစိတ်မီ ဆန်းစစ်ခြင်းနှင့် ခွဲစိတ်ပြီး လေ့လာစောင့်ကြပ် ကြည့်ရှုပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို ပြုပြင်မွမ်းမံရေးဆွဲသွားစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့များ၏ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြကြသည်။

 

သတင်းစဉ်