နေပြည်တော် ၇ ဒီဇင်ဘာ
ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေသည့် Gavi, the Vaccine Alliance အဖွဲ့၏ ကမ္ဘာ့အဆင့် ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပရာ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Gavi အဖွဲ့၏ ငွေကြေးပံ့ပိုးမှု မူဝါဒများသုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ရရှိမည့် ရန်ပုံငွေများဆိုင်ရာများ၊ ငှက်ဖျားရောဂါကာကွယ်ဆေးကို အာဖရိကနိုင်ငံများ၌ စမ်းသပ်ထိုးနှံနေသည့်ကိစ္စရပ်များ၊ အလယ်အလတ်တန်း ဝင်ငွေရှိသော နိုင်ငံများ၌ ပြုလုပ်မည့် မဟာဗျူဟာနှင့် နည်းဗျူဟာ ဆိုင်ရာများ၊ အာဖရိကနိုင်ငံများ၌ Ebola ရောဂါကာကွယ်ဆေးထိုးနှံသည့် ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ Gavi အဖွဲ့၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပံ့ပိုးမှုများပြုလုပ်မည့် မဟာဗျူဟာ၊ နည်းဗျူဟာများအား မြေပြင်အခြေအနေ၌ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်သင့်များကို အကြံပြုဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၃ ရက်တွင် National Institute of Health and Welfare ရှိ National Cold Chain and Vaccine Management Resource Centre ၌ ကာကွယ်ဆေး အအေးလမ်းကြောင်း ထိန်းသိမ်းထားသိုမှုနှင့် စီမံခန့်ခွဲမှုများအား လေ့ကျင့်သင်ကြားနေမှုများကို လေ့လာခဲ့သည်။

Gavi အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်ကို ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာကွယ်ဆေး ထောက်ပံ့ခြင်း၊ ကာကွယ်ဆေးအသစ် ထည့်သွင်းထိုးနှံခြင်း၊ အစုလိုက်ကာကွယ်ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေး အအေးလမ်းကြောင်းပစ္စည်းများ ထိန်သိမ်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် မြှင့်တင်ခြင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်းကျော်ကို ပံ့ပိုးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်