ရန်ကုန် ၇ ဒီဇင်ဘာ
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ NSSA နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ GIZ ၊ Swisscontact JICA ၊ အောင်မြင်မှု၊ PTTEP ၊ Lux Dev ၊ ILO၊ IOM စသည့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်လုပ်သားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် NSSA အနေဖြင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်များကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှုအဆင့်(၁)နှင့် (၂)တို့ကို စစ်ဆေးလျက်ရှိကြောင်း၊ အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိပြီးသူ လုပ်သားများအနေဖြင့် မိမိတို့ အသိအမှတ်ပြုခံရသည့် ကျွမ်းကျင်မှုအဆင့်နှင့်အညီ လုပ်ဆောင်ရန်၊ NSSA က သတ်မှတ်ထားသည့်လုပ်ငန်းစဉ်၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လုပ်ငန်းခွင်တွင် ဆက်လက်အသုံးချရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူရန်လိုကြောင်း၊ သို့မှသာ မိမိတို့ လုပ်ငန်းခွင်အတွင်း အလေအလွင့်၊ အပျက်အစီးနည်းပါးပြီ အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်၍ အလုပ်ရှင်များ၏ ယုံကြည်ကိုးစားရသူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိကျွမ်းကျင်မှုအပေါ် တန်ဖိုးထားပြီး လုပ်ငန်းခွင်အတွင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ Globalization ဖြစ်စဉ်အရ စက်မှုနည်းပညာများ အရှိန်အဟုန်မြှင့် ပြောင်းလဲနေခြင်းကြောင့် တိုးတက်ပြောင်းလဲနေသည့် နည်းပညာကို အမှီလိုက်နိုင်ရေးနှင့် ခေတ်မီစက်ကိရိယာများကို ကိုင်တွယ်အသုံးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လိုကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာမှုနှင့်အမျှ လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချက် များပြားလာခြင်းကြောင့် လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီစေရေး၊ လုပ်ငန်းခွင် အတွင်းရှိ လုပ်သားများကို လေ့ကျင့်သင်ကြားပေးရန်နှင့် အသက်မွေးမှုလမ်းကြောင်းအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ရေး၊ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရယူထားရန်လိုကြောင်းနှင့် အလုပ်ရှင်များကလည်း မိမိတို့လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်မှု ရရှိနိုင်စေရန် ကျွမ်းကျင် လုပ်သားများကို တန်ဖိုးထားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်က အမှာစကားပြောကြားပြီး လုပ်သား ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် အောက်မြန်မာပြည်ရှိ ကျွမ်းကျင်လုပ်သားများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း စစ်ဆေးခဲ့သည့် အလုပ်အကိုင် ၁၈ မျိုးရှိ အရည်အချင်းပြည့်မီသူ လုပ်သား ၁၂၈၁ ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၈ ခု၊ သင်တန်းကျောင်း သုံးခု၊ Inspector ၃ ဦးနှင့် Assessor ၉၅ ဦးတို့ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။
NSSA သည် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသားအဆင့် ကျွမ်းကျင်မှု အဆင့်(၁) ၁၃၀၆၂ ဦးနှင့် ကျွမ်းကျင်မှုအဆင့်(၂) ၁၀၅၉ ဦး စုစုပေါင်း လုပ်သား ၁၄၁၂၁ ဦးကို အရည်အချင်းပြည့်မီကြောင်း စစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့သည်။
သတင်းစဉ်