နေပြည်တော် ၇ ဒီဇင်ဘာ

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

ညစာစားပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် လည်း တက်ရောက်သည်။

 

mdn

 

ညစာစားပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့ ရှေ့မှောက်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် China international Development Cooperation Agency မှ Vice Chairman ဖြစ်သူ Mr. Deng Boqing တို့က ရခိုင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလွယ်တကူတပ်ဆင်နိုင်သော နေအိမ်အလုံး ၁၀ဝ၀ လှူဒါန်းမှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တက်ရောက်လာသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

သတင်းစဉ်