ရန်ကုန် ၇ ဒီဇင်ဘာ

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) မှ အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ  ၂ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် တွေ့ဆုံသည်။

 

ယနေ့တွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြုအဖွဲ့ ခေါင်းဆောင် ဦးအေးလွင်၊ ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြု အဖွဲ့ဝင်ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP)မှ ဥက္ကဋ္ဌ ဒေါ်မေစံပယ်ဖြူနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် နန်းဖြူဖြူလင်း၊ နန်းပု၊ ဒေါ်သန္တာဦး၊ မိချယ်ရီစိုး၊ ဘန်ဆိုင်းဘူ၊ ဦးမင်းသူရနှင့် ဦးကျော်မင်းအောင်တို့ တက်ရောက်ကြသည်။

 

7

 

တွေ့ဆုံရာတွင် AGIPP မှ ကလေးသူငယ်၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကာ အကြံပြုချက်များတင်ပြခဲ့ပြီး NRPC မှ တာဝန်ရှိသူများက အကြံပြုတင်ပြချက်များနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ AGIPP ဥက္ကဋ္ဌ ဒေါ်မေစံပယ်ဖြူက “နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်နိုင်ရေးနဲ့ နေရာပြန်လည်ချထားရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ လက်ရှိနိုင်ငံတော် အစိုးရက ရေးဆွဲအတည်ပြုထားတဲ့ မဟာဗျူဟာအပေါ် အကြံပြုချင်တဲ့ အကြံပြုချက်တွေကို လာရောက်တင်ပြတာပါ။ နောက်တစ်ချက်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကို အဓိက တင်ပြခဲ့ပြီး အကြံပြုချက်တွေ တောင်းခံခဲ့တာလည်း ရှိပါတယ်။ တာဝန်ရှိသူတွေကလည်း အဲဒီအရာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသွားတာရှိပါတယ်” ဟုပြောသည်။

 

ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) ကို ၂၀၁၄ ခုနှစ် သြဂုတ်တွင် စတင်တည်ထောင်ခဲ့ပြီး မဟာမိတ် အဖွဲ့ဝင်များအဖြစ် အေးချမ်းမြန်မာ အင်စတီကျူ့(GDI)၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက်(GEN)၊ ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်(KSWN)၊ မွန်အမျိုးသမီးများ ကွန်ယက်(MWN)၊ ငြိမ်းဖောင်ဒေးရှင်း၊ အမျိုးသမီးအဖွဲ့များကွန်ယက် (WON)၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှု ကွန်ယက် (WAPAN) တို့ပါဝင်သည်။ 

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်