နေပြည်တော် ၇ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ကော့မှူးမြို့နယ်ရှိ ဝါးဘလောက် သောက်ဓာတ်အားခွဲရုံနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်း-ပိုးယဉ်စု ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲ အခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးရန်အတွက် 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် လက်ခုပ်ကုန်း-ပိုးယဉ်စု ဓာတ်အားခွဲရုံတို့အား ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက မကြာမီ ကျင်းပတော့မည့် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် လက်ခုပ်ကုန်း-ပိုးယဉ်စုဓာတ်အားခွဲရုံများအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လျှပ်စစ်မီး တိုးတက်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားလျှပ်စစ်နှင့် စွမ်းအင်မူဝါဒနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရေးတို့အတွက် လျှပ်စစ်ကဏ္ဍတွင် ရေအားစွမ်းအင်၊ အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် ဓာတ်အားခွဲရုံများကြောင့် ကော့မှူးမြို့နယ်မှာ ကျေးရွာပေါင်း (၂၀) ရွာ၊ အိမ်ထောင်စု (၃,၉၀ဝ) စုခန့်နှင့် လက်ခုပ်ကုန်းမြို့နယ်မှာ ကျေးရွာပေါင်း (၉) ရွာ၊ အိမ်ထောင်စုပေါင်း (၂,၂၀ဝ) စုခန့် ဓာတ်အားစနစ်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထပ်မံသုံးစွဲခွင့် အကျိုးကျေးဇူးများအား ရရှိသွားပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် လက်ခုပ်ကုန်းမြို့ ကျေးရွာရပ်မိရပ်ဖ ဦးမြင့်သန်းတို့က ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်း အတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။
ယင်းနောက် 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား မုခ်ဦးအားတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
ထို့နောက် 33/11 kV, 5 MVA လက်ခုပ်ကုန်း-ပိုးယဉ်စု ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်အားခွဲရုံ၏ ကမ္ဗည်း ကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်