ရန်ကုန် ၇ ဒီဇင်ဘာ

 

ရန်ကုန်မြို့နှင့် ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ ညီအစ်မမြို့တို့အကြား ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄)တွင် ယနေ့ညနေပိုင်းက ကျင်းပသည်။ 

 

1

 

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichio Maruyama၊ ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၊ မြို့တော်ဝန် Mr. Soichiro Takashi နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က MOC ရေးထိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ရန်ကုန်မြို့နှင့် ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ ညီအစ်မမြို့တို့အကြား ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား ဖူကူအိုကာမြို့တော်ဝန် Mr. Soichiro Takashi နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လက်မှတ်ရေးထိုးကြသည်။ 

 

ရန်ကုန်မြို့နှင့် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တို့သည် ရေနှင့်ဆက်စပ်သည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၁၂ မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ 

 

4

 

ညပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဖူကူအိုကာမြို့တို့က ပူးပေါင်းကျင်းပသည့် ညီအစ်မနှစ်မြို့၏ ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ် သင်္ကေတအဖြစ် Yangon-Fukuoka Illumination Festival 2019 မီးအလှထွန်းပွဲတော်ကို ဖွင့်လှစ်ရာ ဖူကူအိုကာမြို့မှ Fire Prevention Bureau ဘင်ခရာအဖွဲ့က တီးမှုတ်ဖျော်ဖြေကြသည်။ 

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဖူကူအိုကာ မြို့တော်ဝန် Mr. Soichiro Takashi ၊ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichio Maruyama တို့က အမှတ်တရစကား ပြောကြားပြီး မီးအလှထွန်းပွဲတော်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ 

 

အဆိုပါမီးအလှထွန်းပွဲတော်တွင် ဂျပန်ရိုးရာဗုံတေးဂီတအဖွဲ့က ဖျော်ဖြေကြပြီး၊ ဖူကူအိုကာ ရိုးရာအစားအသောက်များကို ရောင်းချပေးလျက်ရှိသည်။ 

 

8

 

ရန်ကုန်-ဖူကူအိုကာ LED မီးအလှထွန်းပွဲကို လွတ်လပ်ရေးနေ့အထိ ပြသထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်