mdn

နေပြည်တော် ၈ ဒီဇင်ဘာ

 

လူသားတစ်ယောက် လူ့လောကသို့ ရောက်ရှိလာရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ကံ ကံ၏ အကျိုးအားကြောင့် လူ့ဘဝသို့ ခက်ခက်ခဲခဲရောက် လာရသည်။ လူဖြစ်လာပြန်လျှင်လည်း လူ့သက်တမ်းစေ့ နေနိုင်ရေးနှင့် လူသား ကောင်းကျိုးပြုနိုင်ရေးအတွက် ကောင်းသောအမှုများကို ပြုကြရမည်။

 

အကယ်၍ လူဖြစ်ပါလျက် လူပီသသော ကောင်းသည့်အမှုများကို မပြုလုပ်မိပါလျှင်မူ သံသရာတစ်လျှောက် ကံကံ၏အကျိုးအားကြောင့် ဆိုးမွေကို ဆက်လက်ခံစားကြရမည်ဖြစ်သည်။ ယခုပစ္စုပ္ပန်ဘဝ ပြုလုပ်သော အမှုကံအလိုက် ကံ ကံ၏အကျိုးကို နောင်သံသရာဘဝ၌ ဆက်လက် ခံစားရမည်။ ပါဏာတိပါတ သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ခြင်းကံကြောင့် ငရဲသို့ကျရောက်ပြီးနောက် လူဖြစ်လျှင်လည်း အချိန်မတိုင်မီ အသက်ခန္ဓာ ပျက်စီးသေဆုံးခြင်းဖြစ်ရသည်။

 

ကမ္မနိယာမအရ မိမိတို့ပြုလုပ်သည့်ကံအတိုင်း ယခုဘဝ၊ တမလွန် ခံရမည်ဖြစ်သော်လည်း ယခုဘဝ၌ ကောင်းသောအမှုကို အဖန်ဖန်ပြုခြင်း၊ ပတ်ဝန်းကျင်ပြုပြင်စီမံမှုကို စေ့စေ့စပ်စပ်ပြုလုပ်ခြင်း ဉာဏ်သတိဆင်ခြင် မှုဖြင့် ခံစားရမည့်အပြစ်ဒဏ် လျှော့ပေါ့သက်သာနိုင်သမျှ သက်သာအောင် အားထုတ်ရမည်ဖြစ်သည်။ ယခုအခါ ကံ ကံ၏အကျိုးကြောင့်လား၊ လူတို့၏ ပေါ့ဆမှုကြောင့်လား မသိနိုင်သည့် ရုတ်တရက်သေဆုံးရသည့်ဖြစ်စဉ်များ တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးရသည့်ဖြစ်စဉ်မှာ အများဆုံး ဖြစ်နေသည်။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးသူ ၄၃၈၇ ဦးရှိခဲ့သည်ဟု သိရသည်။ ယင်းကိန်းဂဏန်းအရဆိုလျှင် ယာဉ်တိုက်မှုကြောင့် တစ်ရက်လျှင် ပျမ်းမျှလူ ၁၄ ဦး သေဆုံးနေသည့် သဘောဖြစ်နေသည်။ လူအများအပြား နေ့စဉ် သေဆုံးရခြင်းဖြစ်စဉ်မှာ စစ်ပွဲကြောင့် အသက်သေဆုံးရသည့် အဖြစ်အပျက် များထက် ပိုများနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

စစ်ပွဲလည်းမရှိ ငြိမ်းချမ်းသောလောက၌နေထိုင်စဉ် ယခုကဲ့သို့ လူ အမြောက်အမြား သေဆုံးနေရသည့်အဖြစ်ကို ပြန်လည်စေ့ငု အသေအချာ လေ့လာစိစစ်ပြီး ယင်းကဲ့သို့မဖြစ်အောင်၊ ယင်းကဲ့သို့ သေဆုံးမှုများ မဖြစ်အောင်၊ သေဆုံးမှုများ လျော့ကျလာအောင် ဆိုင်ရာဆိုင်ရာတို့က ကြပ်ကြပ်မတ်မတ် ထိထိရောက်ရောက် ဆောင်ရွက် သင့်သည်ဟု သုံးသပ်ရမည်ဖြစ် သည်။ ယာဉ်မောင်းနှင်စီးနင်းသူတို့ကလည်း မိမိ၊ မိမိတို့မိသားစု၊ ခရီးသွား ဖော်များ လုံခြုံစိတ်ချပြီး စိတ်ချမ်းမြေ့စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသာမက ကိုယ်ကျင့်သီလ စောင့်ထိန်းပြီး စောင့်ရှောက်ရ မည်ဖြစ်သည်။

 

အချိန်မတိုင်မီ အသက်သေဆုံးရမှုများ၏ ၅၀ ရာခိုင်နှုန်းတွင် မော်တော် ဆိုင်ကယ်ကြောင့် သေဆုံးရမှုများဖြစ်သည်။ မော်တော်ဆိုင်ကယ်ကို မဆင်မခြင် မောင်းနှင်ခြင်း၊ ဥပဒေစည်းကမ်းများကို မလိုက်နာ ခြင်းအပြင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်း မှုများကြောင့် သေဆုံးမှုအဖြစ်များသည်ကို တွေ့ရသည်။ 

 

အဓိကမှာ နိုင်ငံတစ်ဝန်းတွင် ပြည်သူများ သွားလာမှုအဆင်ပြေစေ ရေးအတွက် အကန့်အသတ်၊ အတိုင်းအတာမရှိ စီးနင်းခွင့်ပြုခြင်းဖြစ်သည်။ စည်းကမ်းဥပဒေဟူသည်မှာ မည်သည့်နေရာ၊ မည်သည့်ကိစ္စမဆို ဖောက် ဖျက်မှုကို မျက်ကွယ်မပြုသင့်ပေ။ မော်တော်ဆိုင်ကယ်စီးသူများအား စနစ်တကျစိစစ်ပြီး စည်းကမ်းနှင့်အညီ စီးနင်းခွင့်ပြု မည်ဆိုလျှင် လူ့အသက် သေဆုံးမှုနှုန်းမှာ ယခုထက် လျော့ကျလာဖွယ်ရာ အကြောင်းရှိမည်ဟု ထင်မြင်ယူဆ ကြသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကျင့်သီလမှအစ အဘက်ဘက်က ထိန်းသိမ်းစောင့်ရှောက်မှ သက်သာရာ ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လူ့အသက်များ အချိန်မတိုင်မီ မဆုံးရှုံးရေး၊ မသေဆုံးသင့်ဘဲ မသေဆုံးရေးအတွက် ကိုယ်စီ ကိုယ်စီ ကိုယ်ကျင့်သီလစောင့်ထိန်းသင့်ပြီးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ထိထိရောက်ရောက် လိုက်နာ၊ ကြီးကြပ်စိစစ်ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်သင့် ပါကြောင်း။

 

ကြေးမုံ