နေပြည်တော် ၈ ဒီဇင်ဘာ
ဤကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အတွက် အင်္ဂါရပ်လေးမျိုးနှင့် ပြည့်စုံရန် လိုအပ်သည်။ ၎င်း လေးမျိုးမှာ နိုင်ငံ၏ပိုင်နက်နယ်မြေ၊ ယင်းမြေပေါ်တွင် နေထိုင် ကြသည့် နိုင်ငံသား ပြည်သူလူထု၊ အုပ်ချုပ်သည့် အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်လေးမျိုးကို နိုင်ငံ၏ ဥပဓိရုပ်ဟူ၍ လည်း ဆိုကြသည်။
နိုင်ငံတစ်ခုတွင်ဥပဓိရုပ်တစ်မျိုးမျိုး မပြည့်စုံပါက နိုင်ငံဟူ၍ မပီပြင်။ ပိုင်နက်နယ်မြေရှိပြီး လူမရှိခြင်းသည်လည်းကောင်း၊ လူများသာရှိနေသော်လည်း ပိုင်နက်နယ်မြေမရှိ လှည့်လည် သွားလာနေကြရသည့် အခြေအနေမျိုးသည် လည်းကောင်း၊ နယ်မြေနှင့် လူများရှိနေသော်လည်း မင်းမဲ့တိုင်းပြည် ဖြစ်နေလျှင်သော်လည်းကောင်း၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုမရှိဘဲ သူတစ်ပါးလက်အောက်တွင် ကိုလိုနီဘဝ ရောက်နေပါက လည်းကောင်း နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စိုးသူများနှင့် ရပ်တည်ကြရာတွင် ယှဉ်ပြိုင်ရုန်းကန်ကြရင်း အားကြီးသူက အားနည်းသူကို သိမ်းပိုက်အုပ်စိုးကာ နယ်ပယ်ချဲ့ထွင်မှုဖြင့် အင်ပါယာနိုင်ငံကြီးများ ပေါ်ထွက်ခဲ့သလို ၎င်းအင်ပါယာကြီးများ လက်အောက်သို့ နိုင်ငံငယ်များစွာ တို့မှာလည်း ကျရောက်ခဲ့သည်။ အထူးသဖြင့် ၁၉ ရာစုကမ္ဘာတွင် အရင်းရှင်စနစ် အားကောင်း လာချိန်တွင် နယ်ချဲ့ အရင်းရှင်နိုင်ငံများက အင်အားနည်းနေသည့်၊ စည်းလုံးညီညွတ်မှု ပြိုကွဲနေ သည့်၊ ခေတ်နောက်ကျနေသည့် နိုင်ငံငယ်အများအပြားကို သိမ်းပိုက်ခဲ့ရာ ကမ္ဘာမြေပြင်၏ ၇၅ ရာခိုင်နှုန်းကျော်သည် လည်းကောင်း၊ ကမ္ဘာ့လူဦးရေ၏ ၇၇ ရာခိုင်နှုန်းတို့သည် လည်းကောင်း နယ်ချဲ့လက်အောက်ကျွန်ဘဝသို့ ကျရောက် ခဲ့ကြရသည်။
မြန်မာနိုင်ငံသည် ၁၈၂၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း နယ်ချဲ့တို့နှင့် စစ်ပွဲသုံးကြိမ် ဆင်နွှဲခဲ့ရ သည်။ စစ်ပွဲတစ်ကြိမ်ပြီးတိုင်း မိမိ၏ပိုင်နက်နယ်မြေ၊ ယင်း နယ်မြေပေါ်မှ ပြည်သူလူထု၊ အချုပ်အခြာအာဏာပိုင်စိုးမှုတို့ တစ်ရစ်ပြီးတစ်ရစ် ဆုံးရှုံးခဲ့ရပြီး တတိယနှင့် နောက်ဆုံးစစ်ပွဲ အပြီးတွင်မူ နိုင်ငံ၏ဘုရင် သို့မဟုတ် အုပ်ချုပ်သူအစိုးရပါ နယ်ချဲ့၏ အကျဉ်းစံဘဝ ရောက်ခဲ့သည်။ ကိုလိုနီနယ်ချဲ့ အစိုးရက မြန်မာနိုင်ငံထက်အရင် သိမ်းပိုက်ကျွန်ပြုခဲ့သည့် အိန္ဒိယနိုင်ငံ နှင့်အတူ အုပ်ချုပ်နိုင်ရန်အတွက် အိန္ဒိယ၏လက်အောက်ခံ ပြည်နယ်တစ်ခု အဖြစ် သတ်မှတ်သိမ်းသွင်းခဲ့ရာ မြန်မာနိုင်ငံသည် ကျွန်ထက်နိမ့်သည့် အခြေအနေ သပေါက်ဘဝသို့ ရောက်ခဲ့ ရသည်ဟူ၍ ပြောစမှတ်တွင်ခဲ့သည်။
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်နေပြီဖြစ်သည့် နယ်နိမိတ်မြေပေါ်မှ ပြည်ထောင်စုဖွား တိုင်းရင်းသား မိမိတို့ဘိုးဘွားများ၏ ရုန်းကန်မှု၊ ညီညွတ်မှု၊ တွန်းလှန်မှု စုပေါင်းအင်အားများကြောင့်သာ ၂၀ ရာစုခေတ်သစ်တွင် အခြားသော ကမ္ဘာ့နိုင်ငံများနှင့် တန်းတူ ရည်တူ ရပ်တည်ကာ အင်္ဂါရပ်လေးမျိုး၊ ဥပဓိရုပ်တို့နှင့် ပြည့်စုံသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်း၊ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းတို့ မှာ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၇၀ ပင်ကျော်စပြုခဲ့ပြီ။ လွတ်လပ်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ဆယ်စုနှစ်များစွာ အဟောသိကံဖြစ်ခဲ့သည်။ ဒေသတွင်းနိုင်ငံများက မိမိတို့ကို ဖြတ်ကျော်သွားခဲ့ပြီ။ သူများခြေတစ်လှမ်းလှမ်းလျှင် မိမိတို့က လေးငါးဆယ်လှမ်းလှမ်းနိုင်မှ တန်ကာကျမည်ဟု သိခဲ့ကြသည့် တိုင် မလှမ်းနိုင်ခဲ့ကြ။ ပစ္စက္ခကာလတွင်မူ အစိုးရသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ၊ မိမိတို့ မျှော်မှန်း တည်ဆောက်နေသည်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု။ အနာဂတ်မျှော်မှန်းချက် ပန်းတိုင်အတွက် အဓိကလိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုနှင့် စုပေါင်းအင်အားသာလျှင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း