ပခုက္ကူ ၈ ဒီဇင်ဘာ 

အမျိုးသမီးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၅ နာရီတွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံ၌ ကျင်းပသည်။

 

81211

 

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့နယ် တွဲလက်များပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးမူက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဖြစ်ပေါ်လာပုံအကြောင်းနှင့် အထိမ်းအမှတ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ဝင် အမျိုးသမီးများက ဒေါ်ခင်မမမျိုး၏ "အိမ်တွင်းလုံခြုံရေး ဆိုရာဝယ်" စာတမ်းကို ဖတ်ကြားကြပြီး ပခုက္ကူမြို့နယ် မေတ္တာအလင်းတန်းအသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်ကေခိုင်ဝင်းက ပခုက္ကူမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော သက်ငယ်မုဒိမ်းမှုများအကြောင်းနှင့် အကြမ်းဖက်လှုပ်ရှားမှုများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဝင် ဒေါ်သဲသဲက အကြမ်းဖက်မှုဆိုင်ရာ သမိုင်းကြောင်းများနှင့် ပတ်သက်သည့် ခုနှစ်၊ ဥပဒေများ၊ လှုပ်ရှားမှုများအကြောင်းတို့ကို မေးမြန်းရာ တက်ရောက်လာသူများမှ သိရှိသူများက ပြန်လည်ဖြေကြားကြသည်။ 

ထို့အပြင် တမာမြေမှ တူညီသောလက်များအဖွဲ့တို့မှ အမျိုးသမီးများအခွင့်အရေးနှင့် ဥပဒေများနှင့် ပတ်သက်သည့် (CEDAW) ၁၆ ချက်ကို သရုပ်ဖော် ဖျော်ဖြေခြင်းနှင့် တေးသီချင်းများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ကြသည်။

အဆိုပါအခမ်းအနားကို ပခုက္ကူမြို့နယ်မှ တမာမြေမှ တူညီသောလက်များ၊ မေတ္တာအလင်းတန်းအသင်း၊ တွဲလက်များ-ပရဟိတအသင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယခုနှစ် ထာဝရဖဲကြိုးဖြူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို အကြမ်းဖက်မှု ရပ်တန့်စို့.. လူသားအားလုံး ကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် (၁၆)ရက်တာ လှုပ်ရှားမှု ဆောင်ရွက်လျက်ရှိကြောင်း၊  အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ဥပဒေဖြင့်ကာကွယ်ပေးရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကူညီဆောင်ပေးမှုများကို သိစေလိုသောကြောင့် ပွဲကျင်းပရခြင်းဖြစ်ကြောင်း တမာမြေမှ တူညီသောလက်များ အသင်းဥက္ကဋ္ဌ မကြည်ကြည်က ပြောပြသည်။

ဆလိုင်းကိုကီး